Tuesday, September 16, 2014

သူရဲကောင်းတွေပေါတဲ့ကာလ



  တချို့  က သာယာမှု နဲ့ မူးလို့ မထ
  တချို့  က အသာအယာညု သတဲ့ ပလူးလို့မဝ
   အားလုံးကတော့ ထိုးကွင်းထ.........။


ငြိမ်းဇေဦး

နေသားကျနံရံ



ဒီ ညဈေးထဲမှာ
တိုက်ဆိုင်မှုနဲ့တိုက်ဆိုင်မှု
ပုခုန်းချင်းဝင်တိုက်မိသွားတယ်...။

မျက်လုံး ထဲ ဖုန်မှုန့်ဝင်သွားတယ်
ဖုန်မှုန့်ဟာ မျက်ရည် ကျ သွားအောင်
ရေစိုသဘက်ကို ညှစ်သလို
အဲဒီ မျက်လုံး ကြွက်သားတွေကိုညှစ်ချမယ်အကြံနဲ့
ခုန် ကို ၀င်လိုက်တာ....လေဟုန်စီးပြီး....။


အဲဒီဖုန်မှုန့်ဟာ ကတ္တီပါ ပုံတော်ဖိနပ်ထူထူ အောက်မှာ
တညလောက် စတည်းချဖူးတယ်။

အဲဒီ ကတ္တီပါ ပုံတော်ဖိနပ်ကို စီးတဲ့ ကောင်မလေးဟာ
ဟောဒီ ဟိုတယ် နံရံတွေ ကို
နားနဲ့ကပ်ကပ်နားထောင်ဖူးတယ်..။

ဖုန်မှုန့်ဟာ တခါမှ မျက်ရည်တွေကျအောင်
ကိုယ်တိုင်ကိုယ်ကျ မလုပ်ခဲ့ဖူးဘူး ...

ဒါပေမယ့် အဲဒီညက
ကောင်မလေး မျက်ရည်စတွေ ကြွေကြွေကျတာ
သူကိုယ်တိုင်မြင်လိုက်ရတယ်.....။

တိုက်ဆိုင်မှုနဲ့ တိုက်ဆိုင်မှု
ပုခုန်းချင်းဝင်တိုက်သွားကြပြီ

ငိုတဲ့ကောင်မလေးက ခုတော့ရယ်လို့
မြို့ပြ ညတွေကို ဖမ်းစားတတ်သွားပြီ
ဒီည ...
အရက်တွေ ပိုမူးတယ် လေ..........။


ငြိမ်းဇေဦး

ငဲ့ညှာတတ်သည်

မပြောရက်လို့
တောထွက်ဖို့ပဲကျန်တော့တယ်..။

ငြိမ်းဇေဦး

တွေ့ရှိချိန်


သချိုင်္င်းနဲ့ တခေါ်လောက်ဝေးချိန်မှာ
အချစ်စစ်ကို သစ်မြစ်လို ခလုတ်တိုက်မိမှ
ခြေမ ဟာ ခေါက် သေရမှာကြောက်.........။

ငြိမ်းဇေဦး

Monday, September 15, 2014

မဟာ့မဟာကျယ်လောင်သူများနှင့် ၀ါးလုံးခေါင်းတိုင်ပေါ်က ဓမ္မတာလူး ထမိန်စုတ်များ

 ဒွေးရောယှက်တင်မှုတွေကြားမှာ
ထွားကြိုင်းပြချင်ကြတာကလား
သူတို့က ဆင်ခြေအမျိုးမျိုးနဲ့
သူခိုးကို တမ်းတ...။

ပြောလိုက်ကြတာ
မဟာလွတ်မြောက်ရေး
တိတ်တိတ်ကလေး ခွေးဇာတ်ခင်းရတာကိုကြိတ်ရင်ခုန်တတ်ရင်တော့
အော်စမ်း...မျော့သွားတာပဲအဖတ်တင်မယ်
နင်တို့လို ရောကျော်တွေကြားမှာ
အနာဂတ်ဆိုတာ ဖာသည်သုံးပြီးသား တပါတ်နွမ်း ကွန်ဒုံပဲဟေ့...။



ငြိမ်းဇေဦး

ကြီးကြီးကျယ်ကျယ်များ ရေး သား ပြောဆိုကာ စောက်ရေးမပါ နောက်ဖေးမှာ

ထမိန်ရုပ်သူကို အိမ်ဦးခန်းတင်သူ များအတွက်

Friday, September 5, 2014

ဥာဏ်စဉ်ယိုင်ခြင်း (သို့ )ကိလေသာ ပင့်လက်သီး

အမှားတွေရပ်ဖို့ 
မနားမနေမှတ်လေ .....

ပေါင်ကြား က
အချောင်သမားရဲ့
ထောင်ထားခြားနားမှုက
နှိမ်နင်းရအခက်ဆုံးဖြစ်လေ .....

အော် ဆုံးမဖို့ 
လုံးဝခက်တဲ့ဒင်းပါလား
အဲသလို လဲ သံဝေဂတွေရ....။


ငြိမ်းဇေဦး



မွေးနေ့ သီချင်း


ကေးဝဋ်ပုဏ္ဏားတွေ များလှ၏
တခါမှ ကြေးရတတ် မဖြစ်ခဲ့ဖူးသေး........။

မိုးခေါင်ရေရှားအရပ်တပါး ၌
တိမ်တိုက်များ အား လက်ညှိုးထိုး ရောင်းချကြ၏။ 
ထိုကိစ္စများထက် ခုန်နေဆဲဖြစ်သော နှလုံးသားကြီးထဲမှကိစ္စတို့ အား
ဓါတ်ဖန်လုံး မပါပဲ ကြည်လင်စွာ မြင်ရသည်များ ကို
အနုလုံပဋိလုံ အာရုံပြုမိ၏။

ဟော... ချစ်သူ......
ချစ်သူသည် နတ်မိမယ်တပါးဖြစ်၏
မှီခိုရာဖြစ်၏။
ချစ်သူသည် ဒုက္ခအလုံးစုံတဖက်
ငါ့ဝန်ထုတ်ဝန်ပိုးတစ်ဖက်အား ထမ်းပိုးရင်း ကန္တာရခရီးသွားတယောက်ဖြစ်၏။

အာရုံဦး၏ နေခြည်နုဖြစ်၏။
ထို့ပြင်....
ပါဒ မဲ့ ကဗျာရှည်တစ်ပုဒ်ဖြစ်၏။

သံစဉ်မဲ့သီချင်းတစ်ပုဒ်ဖြစ်၏ ။
မပြတ်စီးဆင်းသော ရေတံခွန်တစ်ခုဖြစ်၏။
ချစ်သူ၏ အပြုံးတွင် ရွှေရောင်ငါးကလေးများရှိ၏။
ရေမြက်ရေမှော်လေးများ လူးလွန့်ကစား၏။
ဖြူလွကျောက်စရစ်တုံးလေးများ ဖြေးညှင်း လိမ့် ရွေ့ ၏။
ချစ်သူ၏ စီးဆင်းမှုသည် စင်ကြယ်မှု ပကတိဖြစ်စဉ်ဖြစ်၏။

ချစ်သူသည် တောနက်ကြီးထဲမှ သစ်ခွတခိုင်မဟုတ်။
မောပန်း နွမ်းနယ်သူ ငါ့အတွက် ကျောက်သွေးတခွက်သာဖြစ်၏။

ထိုအဖြစ်ဖြင့်လည်း ချစ်သူသည် ငြူစူ ၀န်တိုခြင်းမရှိ။

အရိုးစင်းဆုံးသည်ကား .....
ချစ်သူသည် ယက်ဖ်တူရှင်ကို ကို မသိချင်။
တော်လ်စတွိုင်းကိုမသိချင်။
ဂျိန်းဂျွိုက်စ်ကိုမသိချင် ငါ၏ဖြစ်စဉ်သည်သာ ချစ်သူ၏ ဆည်းကပ်ရာဖြစ်၏။

ပိုမို၍ပင်
ချစ်သူက ကပ်ဖ်ကာ ကိုမသိချင်
သို့ သော် ချစ်သူ စိတ်ပူသည်ကား
ငါ ၏ လူစင်စစ်ဖြစ်စဉ်မှ ပိုးကောင်တကောင်အဖြစ်
ပြောင်းလဲသွားမည်ကိုသာဖြစ်၏။

ချစ်သူသည် တွန်ဆောယားကို မသိချင်
စွန့်စားမှု များအားပျင်းရိသွားပြီဖြစ်သော
ငါ ပျောက်ဆုံးမှာကိုသာ စိုးရိမ်၏။

ချစ်သူသည်
ချက်ဗ်ကော့၏ အဆောင်နံပါတ်ခြောက်တွင်
ဘယ်သူတွေရှိသည်စိတ်မ၀င်စား
ငါ ၏ ရူးသွပ် ဖောက်ပြန်မှုကို ကုစားရာ
ဆေးတခွက်ကိုသာ ရှာဖွေလို၏။

ချစ်သူသည် ကားလ်မာ့က်စ်၏ အရင်း ကျမ်း နှင့် အနုပဋိလောမကို
သိအောင်မကြိုးစား......
ငါ၏ ဓနရှင်ပေါက်စဥာဉ်နှင့် ပစ္စည်းမဲ့ဒေါသတို့ ကိုသာ
စိတ်ကုဆရာဝန်တယောက်လို ကုစားပေးလို၏။

ငါက ချစ်သူ ၏ မွေးနေ့ တိုင်း မိုးမရွာစေချင် ။
နေမပူစေချင် မိုးမအုံ့ စေချင်။
လမိုက်ညမဖြစ်စေချင်။

ထို့ကြောင့် လ ကို လှည်းကျင်းရန်
တိမ် တိုက်တို့ ကို သိမ်းဆည်းရန်
နေရောင်ပြင်းပြင်းကို ငြိမ်းသတ်ရန် မစွမ်းသာသည့်အဆုံး...

ချစ်သူ၏ အပြုံးမျက်နှာအား ငါ့ ရင်ခွင်ကြားသို့ ဖြေးညှင်း ညင်သာစွာ ပွေ့ ယူရင်း
သက်ပြင်း နှင့် ရာစုနှစ်တခုကျော်ဝေးသော အနမ်းတို့ ဖြင့်
နှုတ်ခမ်းသားလှလှပေါ်ဖြတ်ကျော်ရင်း
ရင်ခုန်သံခြင်း ညှိကာ သီချင်းများစွာ ဆိုလိုက်မည်ဖြစ်၏။
ထိုအခါ ... ငါတို့ ၏ သီချင်းများသည်
လောကသစ် ၏ ကတိက၀တ်များအား
နှလုံးသားထက်တွင်
မှတ်ကျောက်တင်မည်ဖြစ်တော့၏။






    ငြိမ်းဇေဦး


Friday, July 20, 2012

ကျွန် ရောင်းပွဲ




အားလုံး..............
အကောင်းဆုံးအပြောသမားဆုတွေနဲ့ လူတွေက
ငါတို့ဘ၀တွေကို
ဆောက်လက်စအီဂျစ်ပိရမစ်အသစ်ကြီးဘေးက ကျွန်ပွဲမှာ
လက်ညှိုးထိုးရောင်းသလို
ဈေးစစ်ဖို့ တောင်မလို 
အခွင့်အရေးလက်တညှိုလောက်အတွက်
ရင်ကော့လို့ ၊ ယုံကြည်မှုတွေပြည့်လို့
ကောင်းချီးသြဘာတွေညံလို့
ခပ်မြန်မြန်..........
ဇာတ်ဆန်ဆန် ရောင်းနေတယ်။

ငါတို့ထဲက
ကျွန်ပါးဝနေတဲ့ကျွန်တွေအတွက်တော့
သေသွားတဲ့ပဒေသရာဇ်တိုင်းရဲ့ ပိရမစ်ကို
ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ
ကျောက်တုံးတွေဆစ်၊
ကျောက်တုံးတွေစီ
 ကျောပြောင်ပြောင်မှာ အသားနီတွေလန် လို့ 
သူတို့ အတွက်တော့
ဒါ ထူးဆန်းတဲ့ လက်ပြောင်းလက်လွှဲမဟုတ်ဘူးရယ်ပေါ့။

ထူးထူးဆန်းဆန်းပဲ
 ကျွန်ပွဲစားရဲ့ လေလံပွဲ
ဈေးပြိုင်တွေ ဆွဲနေကြချိန်မှာ
လေလံအောင်သူတွေအတွက်
အ၀ယ်ခံလိုက်ရတဲ့ကျွန်တွေအတွက်
မုဒိတာတွေပွား
အားတွေကျ
လက်ခေါက်တွေမှုတ်
လက်ခုတ်သံထောင်းလမောင်းနဲ့
ကိုယ့်ကိုကိုယ်ကူရောင်းနေကြရဲ့ ။           ။


ငြိမ်းဇေဦး

Sunday, July 15, 2012

လွတ်မြောက်ခြင်းတောင်ပံကိုတန်ဘိုးထားခြင်း

 

 ဘယ်လိုဖြစ်ဖြစ်
မပျိုမျစ်
အပိုဖြစ်သွားတဲ့နှစ်တွေ.......။

ဇာတ်အကြမ်းအနု
မှတ်တမ်းပြု
ဘ၀ကိုလုသွားတဲ့ဖြတ်သန်းမှုတွေ....။

အသက်ဓါတ်က
ခွက်ကပ်ပဲကျန်တော့...။



မှားယွင်း နေမှုတွေကပဲ
အသံမြည်ကြတယ်.........

လွဲချော်မှုတွေကပဲ
စွပ်ကြောင်းထင်ကြတယ်..........

အဖောက်ပြန်ဆုံးရာသီဥတုတွေ ကပဲ
လူ့ ဘ၀တွေထဲ ပွဲဈေးလျှောက်ကြတယ်......

မျက်နှာရိပ်မျက်နှာကဲအပြောင်းအလဲမြန်တဲ့
ကြက်မြီးပါတီပွဲတွေ ရုံပြည့်ရုံလျှံတဲ့ရာသီ
သူခိုး.... တန်ခိုးရှင်ဖြစ်ချိန်မှာ
ဓါးပြက ဘ၀ရှင်ဖြစ်ချိန်မှာ
လူယုတ်က သူမဟုတ်သလို
မင်္ဂလာယူချိန်မှာ....
ဒီအစဉ်အလာတွေပဲ ငါးရစ်တက်သလိုထွန်းကားတဲ့မြေ
မေတ္တာတွေ ဂရုဏာတွေမုန့် လေပွေလို 
ဈးကလဲပေါ ... ကျိုးကျိုးကျွတ်ကျွတ်ကလဲမြည် 
သုံးဆောင်ပြီးရင်လဲ
တမုဟုတ်ချင်းလေလည်တဲ့မြေ
ဘာဟုတ်သေးတုန်း အဲဒီမယ်...
အတိတ်မမေ့လို့ ကိုယ့်ဟာကိုယ်အိပ်မွေ့ချကြသူတွေလဲ  ပေါက်မြောက်ရဲ့............။

ကျုပ်ဟာအတောင်ပံအဖြတ်ခံတဲ့ကြက်တူရွေးတစ်ကောင်မဟုတ်ဘူး
အုံနဲ့ ကျင်းနဲ့အာတဲ့ ကျီးကန်းတစ်ကောင်မဟုတ်ဘူး ....
 အသေသားစားတဲ့ဠင်းတ တကောင်မဟုတ်ဘူး....

ကိုယ့်ဆရာ....
မာကိုပိုလိုရေ
ခင်ဗျား ကျောပိုးအိတ်ထဲက
ကျုပ်ခုန်ချခဲ့လိုက်ပြီ.....

အဲဒီပိုးလမ်းမကြီးကိုချီတက်တဲ့လမ်းမှာ
ကိုယ့်ဘာသာသွားပေရော့ ...

အမြတ်တော့ရမှာပါ 
ခင်ဗျားဟာ 
သားစိမ်းငါးစိမ်းသည်ဆိုရင်ပေါ့...

ကြည့်တော့သွား ဗျာ 
အဲဒီမှာ
 ဝေါဟာရနှစ်ဖက်သွားနဲ့
လက်ယားနေတဲ့ ဓါးသမားတွေတော့ရှိရဲ့..........။




ငြိမ်းဇေဦး

Saturday, July 14, 2012

နေတတ်သွားတဲ့ မွန်တန်နာနွေည

တစ်ဦးတည်းသောသူအတွက်
လောကဓံတရားလေးပါးရဲ့ ဒီဂရီနဲ့
ကျကျနန ရွရွလေးဖုတ်ထားတဲ့
မေတ္တာဒိန်ခဲကိတ်မုန့် လေးပါ
ဖွဖွလေး..အရသာခံလိုက်.....။

ပြီးရင်...
ဟောဒီကောင်းကင်ကိုထိုင်ကြည့်ကြရင်း
နှစ်ချို့ အာသီသတွေနဲ့ဖောက်ထားတဲ့
ဝိုင်တစ်ခွက်ကို သောက်လိုက်ကြရအောင်
ကြယ်တွေစုံအောင် စောင့်ဖို့ မလိုဘူး
ဘာဆိုဘာကိုမှစောင့်စားစရာမလိုတော့ဘူး။

ငါပင်ပန်းလှပြီ..........
မြေသားပက်ကြားအက်လို
ငတ်မွတ်ခြင်းတွေ....
ချောဆီနဲ့ဝေးလို့ သံချေးအထပ်ထပ်တက်နေတဲ့ဘီးတစ်ဘီးလို
အဆင်မပြေခြင်းတွေ....
ကြိုးပြတ်တယောတွေသာအသံမြည်တဲ့ဆင်ဖိုနီသံစဉ်တွေလို
 ဒုက္ခတွေ....
ဆပ်ကပ်နဲ့ ဆယ်စုနှစ်နှစ်ခုကျော်ဝေးနေခဲ့တဲ့ ဂျွမ်းဘားမယ်လို
လိမ့်လိမ့်ဆင်းလာဖူးတဲ့မျက်ရည်ပူတွေ....
ခေါက်ရိုးထဲခေါက်ရိုးထပ်ကြေနေတဲ့
 နိမိတ်ပုံတွေ....
ကိုယ့်ပါးပေါ်မှာလာနားတဲ့ခြင်တကောင်ကို

ဖျန်း ကနဲ အငြိုးကြီးကြီးရိုက်သတ်သလို

ဆတ်ဆတ်ထိမခံမှုတွေ....
အဲဒါတွေ... အဲဒါတွေနဲ့ ရောဖျော်မထားတဲ့
ကော်ဖီကြမ်းတခွက်ကို ငါသောက်ရင်း သီချင်းတွေဆိုကြမယ်။

ခပ်ဝေးဝေးက ၀ံပုလွေအူသံတွေ
လရိပ်မှုန်မှုန်အောက်က ၀ိုးတ၀ါးဝက်ဝံတကောင်ရဲ့ခြေသံတွေ
တဝေါဝေါလေတိုးနေတဲ့ထင်းရူးတောတွေ
နားစွင့်ကြရအောင်အချစ်ရေ.........။

နိမိတ်ပုံမလို
အဓိပ္ပါယ်ဖွင့်ဆိုချက်မလို...
ဇာတ်ရိုင်းနာဖို့ မလို ...ဘယ်လိုအလွန်အကျွံချွဲပျစ်ခြင်းတွေမှမလိုတဲ့
ဘ၀ရဲ့ကဗျာ ...
ကြည်နူးစွာ ရွတ်ဆိုကြပါစို့  ....။




ကဲလေ တချိန်ကကြီးမြတ်သူများ
တောမီးလောင်တုန်းတောကြောင်နဲ့လက်ဝါးချင်းရိုက်ကြစမ်းပါစေ

ရပ်တည်မှုတချို့ လဲ လက်သိပ်ထိုးလေလံပွဲတွေမှာဈေးကောင်းတွေရဆိုပဲ ။

 ကိုယ့်ဘ၀ကိုယ်ရဲရဲရင့်ရင့်ထိုးအပ်တဲ့

ပရိဿတ်ကြီးရဲ့

သြဘာသံတွေ ၊ထောပနာသံတွေ

 လက်ဝါးတွေအကြောင်းမဲ့နာတတ်တဲ့ခေတ်ရေစီးပဲ...

ဘ၀တွေအတွက်ကတော့

သက်တန်းကုန်သွားတဲ့အာမခံကတ်ပြားတစ်ခုရဲ့ဖြစ်တည်မှုနဲ့တူတဲ့ မီးရှူးမီးပန်းတွေလေ

လှပါရဲ့ တဒင်္ဂ............။

အချစ်ရေ ...
ဥပေက္ခာ ဂီယာကုန်တင်လိုက်ပါ
တယောက်မျက်နှာတယောက်ကြည့်လို့ 
တချို့ အချိန်တွေမှာ ကိုယ့်စောင်းကိုယ်တီး
ကိုယ့်ခရီးကိုယ်နှင်ဖို့ လဲ လိုအပ်တယ်လေ
ငါတို့က ရောမပြည်က ပဒေသရာဇ်မှမဟုတ်တာ...။


ငြိမ်းဇေဦး

Sunday, November 28, 2010

ဖန်ဆင်းခြင်း

သုညအောက် ရောက်ပြီ
မင်္ဂလာဦးညလိုခက်ခက်ခဲခဲ ဖြတ်ရဦးတော့မယ်
အဲဒီ ရေခဲအမြှေးပါးတွေ ငါလျှောက်မယ့်လမ်းမှာ
ခြေချရခက်ခက်............။

ဆောင်းနံနက်အသစ်ရေ
ဤကော်ဖီတခွက်နှင့်မွှေးမြပါ...
ပူတူတူးရေ ကိုယ့်ရင်ငွေ့ နဲ့ထွေးပါ
ပက်လက်ကုလားထိုင်တစ်လုံးလိုလျောပြေမှုတွေနဲ့ 
ပွေ့ ထားပါ့မယ် ဒုတ်ဒုတ်ထိ နွေးထွေးမှုတွေနဲ့
အို ....ဆောင်း ငဲ့ ။

မဟာဗောဓိပင်ကို
ထင်းခွေဖို့ ချည် မျက်စပစ်နေတဲ့
ခေါ်တော တကောင်မဟုတ်ရပါဘူးကွယ်
အဲသလိုနယ်ဝေးပြည်ခြား မြတ်နိုးမှုတွေနဲ့
ဖူးမျှော်ခဲ့ဖူးတာ ဒီဆောင်းဟာ လျှောက်လဲချက် ခိုင်ခဲ့ပြီ။

ခုတော့ ကွမ်းတရာညက်
ကော်ဖီတခွက်အကုန်
သက်လုံ ကောင်းကောင်းနဲ့
သက်ပြင်းတွေ မောင်းသန်မိန်းမောဖွယ်
ဖရုံနွယ်လို ဖက်တွယ်ရစ်ပတ်
ပိုးသား ၀တ်ရုံလို လျှောပြေ ပြိုကျ
သုညအောက်ရောက်ပြီ အချစ်ရေ
ဒီဂရီမြှင့်နှလုံးခုန်သံတွေနဲ့ ဖိုထိုးကြတာပေါ့
အဲသလို နိယာမတွေနဲ့
မီးသွေးမကုန်ဘူး
မဟာမြိုင်တောအထိ ခြေဆန့် စရာမလိုဘူး
ဆေးတောင်ဝှေးတချောင်း ဇော်ဂျီခေါင်းပေါင်းမလိုဘူး
ဘာဆိုဘာမှမလိုဘူးဆိုတဲ့ မလိုအပ်မှုတွေနဲ့
လူဆန်ဆန် လူဟာ လူကို ဖန်ဆင်းခဲ့ကြပြန်တော့၏။

ငြိမ်းဇေဦး

Saturday, November 20, 2010

ဘ၀ရဲ့မောင်းနှင်အား

ဆံပင်အချို့ ဖြူစပြုပြီ
ဒီလူ.......
နှင်းငွေ့ နှင်းခိုးတွေနဲ့
အမြဲ တယောက်ထဲ နိုးနိုးလာတဲ့ နံနက်တွေ
သေချာ တခန်းရပ်ခဲ့ပြီ
ဟောဒီ မွေးနေ့ နံနက်မှာ
အကြည်ဓါတ်တွေကွန့် မြူး ................။

ရှင်းရှင်းလေးပဲ
တခါဖူးမျှ ဆုမတောင်းခဲ့ဖူး တဲ့ မွေးနေ့ တွေ
ဒီနေ့ တော့ အချစ်ရေ...ဆုတောင်းပေးပါ
အဲဒါ ဘာပဲဖြစ်ဖြစ်
ကိုယ်လိုချင်တာ ကျိန်းသေပါ့ကွယ်............။

ငြိမ်းဇေဦး

Saturday, October 16, 2010

သူငယ်ပြန်သလိုပါ့

ဆံပင် လည်း တစ်လတခါ ညှပ်ရပြီ
ထမင်းစားပြီးတိုင်းနဲ့ အိပ်ယာ ၀င်ခါနီးတိုင်းလည်းသွားတိုက်ရပြီ
ကော်ဖီလည်း တနေ့ နှစ်ခွက်ပဲ သောက်ရပြီ
စီးကရက်လည်း အသည်းအသန်ဖြတ်ရပြီ
ရေလည်း တနေ့ တခါ ချိုးရပြီ
ကျုပ်လို သန့် ရှင်းလွန်းသူအတွက် အဲဒါ အဆိုးဆုံး။


အမေလုပ်သူကလဲ ချွေးမကို အပြီးအပ်နှံလိုက်ပြီ
မေမေ...မေမေ....
သမီး...သမီး နဲ့........
သူတို့ က တည့် လို့ ...............။


ကုန်တိုက်တွေကိုသွားဖြစ်တဲ့ အားရက်တွေတိုင်းလဲ
စက္ခုအာရုံကို ကိလေသာကုန်တဲ့ အရိယာကြီးလို
ခပ်ပိုပို ထိမ်းရပြီ။


အော်....ယောက်ျားဘ၀...
တယ်အားငယ်ရသကိုး............။

မိဘအိမ်မှာတော့ အမေ့သွန်သင်ဆုံးမမှုအောက်
အိမ်ထောင်ရက်သားကျတော့လည်း
ဇနီးရဲ့ အုပ်ထိမ်းမှုအောက်
အိုကြီး အို မ အရွယ်တွေရရင် လည်း
သမီးနဲ့ ဇနီးရဲ့ ကြပ်မတ်မှုအောက်
ကျုပ်ခမျာ ရောက်ရပေဦးမယ်...........။

အီးတောင် ကျယ်ကျယ် ပေါက်ဖို့  ဖင်ကြွ ခါးစောင်း
ဘူ... ကနဲ...ထောင်းကနဲ ..ဟောင်းကနဲ
အဲသလို အားရပါးရ ကိစ္စတွေကို လဲ
ဇက်ကြိုးဆွဲ ရ............။



အဲဒါတွေအတွက်................
ကိုကို .............လာရေချိုးရမယ်
ကလေးငယ်တစ်ယောက်လို သူက ရေချိုးပေး
ကိုကို .......လက်သည်းခြေသည်းညှပ်ရမယ်....
ပြတင်းပေါက်ဘေးမှာ ကျုပ်က ကလေးလေးလို ထိုင်ပေး.......
ကိုကို အ၀တ်တွေ အညစ်တောင်းထဲထည့်
ငယ်.....ရုံးမသွားခင်လျှော်ခဲ့မယ်.............။

ကိုကို.....ခေါက်ပြီးသားတွေကို တွေ့ ကရာမဆွဲနဲ့ 
ဒီနေ့ ဟောဒါလေးဝတ်..........။

အမေ့အိမ်ကဝေးကတည်းက
တခါသားမှ မီးပူတိုက်ပြီးသား မ၀တ်ဖူးသူ
တခါသားမှ ထမင်းပွဲ လက်ဆေးပြီးအရံသင့်မစားဖူးသူ
တခါသားမှ ကိုယ့်ဘ၀ကိုယ် ဂရုမစိုက်သူဟာ
ခုအခါ ...........
မယားအချစ် ကြောင့်
ငါးနှစ်သား ပူတူတူးလိုလဲ ကျုပ်မှာ အူမြူးရပြီ။


ငြိမ်းဇေဦး

Tuesday, October 12, 2010

ဘ၀နှစ်ခု၏ ပုဇွန်ဟင်းတစ်ခွက်................

ဆောင်းအ၀င်..........။ ရွက်စိမ်းတို့ နီပြေပြေ ၀ါရွှေရွှေ .......။ လေ အသိမ်းမှာ ယိမ်းလိုရာယိမ်းလို့ .......။ သူတို့ ၏ နောက်ဆုံး အချိန်ကလေးများကို နှမြောတသ နေသည်လား.........၊ သဘာဝ တရား၏ အကြင်နာကင်းမဲ့မှုကို အသိအမှတ်ပြုရန် ငြင်းဆန်နေသလားမသိ........။ တချို့ ကြွေ............။ ------------------------------------------------------------------------------- သူမက ကျနော့်ငေးငိုင်သွားသော မျက်နှာကို ကြည့်ကာ ကျနော့် ကို "ကိုကို ဘာဖြစ်သွားတာလဲ ငယ်လေးကိုပြောလေ" ဟု မေးတော့ ကျနော်က ကျနော် တွေးမိသည့်အတိုင်းပြောပြလိုက်တော့........။ သူမက "ငယ်လေး က ပုဇွန်ဟင်းစားချင်တယ်ပဲပြောတာပါကိုကိုရယ်.... ပုဇွန်ဆိတ်ကလေးတွေဆိုလဲဖြစ်တာပဲ ....နောက်တော့ ကိုကို မစားပဲ ငယ်လေးက တယောက်ထဲ ဘယ်တော့မှ မစားဘူး သိလား " ဟု ပြော၍ ကျနော့် ရင်ခွင်တွင်မှီကာ ..............။ ------------------------------------------------------------------------------- ကျနော်က ပါရမီဖြည့်ဘက် ဖြစ်သူ.......။ သူမက ကျနော့်ပုခုန်းကို မှီတွယ်အားကိုးသူ..........။ အချစ်ဦး........။ မှေးစက်နားခိုရာ ရင်ခွင် ..............။ ဘ၀လွင်ပြင်ကျယ် ...... တောင်ထွဋ်ဖျား.............ချောက်ကမ်းပါး...........လှိုင်းကြမ်းတလွှားလွှား ကို.........ရဲရဲယုံကြည်လက်တွဲ ၀ံ့သူ ...........။ တဦးဘ၀တဦး ထွေးပွေ့ လို့  တဦးမျက်နှာတဦး ကြည့်ကာ တမြေ့မြေ့ ကြည်နူး အချစ်ဦး ကို ဘ၀ဖော်အဖြစ် အသက်ပေးချစ်သူ.............။ ------------------------------------------------------------------------------- ကျနော်က ဆင်းရဲသော သာမာန် မိသားစုကလေးမှ ပေါက်ဖွားလာသူ....................။ သူမက ကုံလုံပြည့်စုံသော မိသားစုမှပေါက်ဖွားလာသူ................။ အဲဒီ ကျနော့်ဟန်နီ...........။ ကျနော်က နယ်မြို့ ကလေးတစ်ခုမှ ချို့ တဲ့သော မိသားစု ၏ မနက်ထမင်းကြမ်း ခဲဖြင့် ဘ၀ကို ဖြတ်သန်းသူ.........။ သူမက သူများပြင်ပေးသော ကော်ဖီ ၊ ကိတ်မုန့် ၊ ပေါင်မုန့် ထောပတ်သုတ်ဖြင့် ကြီးပြင်းလာသူ....။ ကျနော်တို့ နှစ်ဦးတွင် တန်းတူညီမျှ မှုတခုသာ ရှိ၏ ထိုအရသည်ကား အနှိုင်းမဲ့ အချစ်..........။ တဦးပေါ်တဦးမြတ်နိုးမှု ၊သူမ၏ နားလည်မှု ၊ တဦးကို တဦး အသက်အမျှ တန်ဘိုးထားမှု။ ------------------------------------------------------------------------------- ကျနော် က သူမကို ထမင်း၊ ဟင်း မချက်ခိုင်း။ ကော်ဖီမဖျော်ခိုင်း.......မခိုင်းရက် ။ တယောက်ထဲနေသားကျလွန်းလှခဲ့တော့ ကိုယ်တိုင်ချက်ရပြုတ်ရမှ ဖြစ်သည်ကလည်းတကြောင်း။ မနက်အိပ်ယာထလျှင် တိတ်ဆိတ်စွာ ဖြင့် သူမ၏ နဖူးကလေးအား နမ်းပြီးမှ တိုးတိုးတိတ်တိတ်မျက်နှာသစ်ကာ သူမ၏ သွားပွတ်တံကလေး ကို သွားတိုက်ဆေးထည့်ပေးပြီး ကော်ဖီတစ်အိုး တည်နေကျ...........။ ည က ကျန်သောထမင်းကြမ်းများကို ကိုယ်တိုင် ပြုတ်ထားသော စားတော်ပဲပြုတ် ၊ ဆီ ၊ ဆား နှင့် ရောနယ်ပြီး တရုတ်ကြွေဇလုံကြီးထဲထည့်၍ ပလတ်စတစ် အုပ်ဆောင်းသေးလေးအုပ်ကာ ထမင်းစား စားပွဲပေါ်တွင် အဆင်သင့်ထားနေကျ။ ပြီးတော့ ကြက်သွန်နီဥကြီးများကို အခွံနွှာ လေးစိပ်ခွဲ၍ ကြက်သွန်နီ မွှန်သည့်အနံ့ မခံနိုင်သည့် သူမအတွက် စတီး ခွက် ကလေးထဲတွင် ထည့်ကာ ရေစိမ်ထားနေကျ........။ သူမ က အိပ်ယာ နိုးလာလျှင် ၊ ကျနော်အိမ်မှ အလုပ် ထိုင်လုပ် လေ့ရှိသော စာကြည့်စားပွဲတွင် ထိုင်လျှက် နေသည့်ကျနော့်ပုခုန်းနှစ်ဖက်ကို နောက်မှဖက်ကာ ကျနော့် နဖူးကို ငုံ့ ၍ နမ်းနေကျ.......။ ကျနော်က ည၀တ်ဂါဝန် ရှည်ဖြင့် လှပပြေပြစ်လွန်းသော သူမကို ဖြေးဖြေးဆွဲပွေ့ လျှက် ၊ရင်ခွင်ထဲမှ ကြည်လင်ရွှန်းလဲ့သော မျက်ဝန်း များဖြင့်မော့ကြည့်နေသည့် သူမ၏ နှုတ်ခမ်း ကလေးကို ဖွဖွလေး နမ်းနေကျ.........။ ------------------------------------------------------------------------------- ထမင်းစား စားပွဲ၏ ထိပ်တွင် နှစ်ယောက်သားကပ်ထိုင်၍ ကျနော်က ကြက်သွန်နီဥခြမ်းကို ခပ်သေးသေးကိုက်ကာ ပဲပြုတ်ဆီဆမ်း ဆားဖြူး နယ်ထားသော ထမင်းကြမ်းလုတ်ကို ညာလက်ဖြင့် သူမ ကိုခွံ့ ကျွေးတိုင်းလည်း ဘယ်လက်ဖြင့်သူမ၏ မေးဖျားကလေးအောက်တွင် ခံကာ ကလေးလေးတစ်ယောက်လို သူမ၏ အပြစ်ကင်းသော မျက်နှာကလေးကို မြတ်မြတ်နိုးနိုးကြည့်မြဲ.........။ သူမကို ခွံ့ကျွေးပြီးကျနော်က တလုတ် ပလုတ်ပလောင်း ပါးစပ်ထဲသွင်း ကာ ၀ါးပြီးတိုင်း ၊သူမက နှုတ်ခမ်းထွေးထွေးလေးဖြင့် ကော်ဖီခွက်ကို ဖြေးဖြေး မှုတ်၍ကျနော့်ကိုတိုက်မြဲ...။ တခါတရံ ကြက်သွန်နီ ခိုး မွှန်သွားသည့်အခါ ထမင်း ၀ါးနေရင်း မျက်နှာလေးရှုံ့ မဲ့ မျက်ရည်လည်လာတတ်သော်လည်း ချက်ချင်းပြန်ပြုံးလျှက် "ငယ်လေး စပ်သွားတယ် ကိုကို " ဟု ကလေးလေးလို ပြောတတ်မြဲ........။ ------------------------------------------------------------------------------- ညနေ အစည်းအဝေးမှမပြီးသေး ကျနော့်စိတ်က အိမ်သို့ ပြန်နေပြီ။ သောက်ထားသော ကော်ဖီကြမ်း လေးငါးခွက်၏ ဇာတိမာန်သည်လည်းလျော့ကျစပြုပြီ။ စိတ်ပင်ပန်း၏။ ကိုယ်နွမ်း၏။ နေ့ တဓူဝ ငြီးငွေ့ ဖွယ် ကျနော့်ရုံးခန်းထဲက အချိန်များ.........။ ဘာ အတွက်ကြောင့် ဒီလောက် အလုပ်လုပ်နေရတာလဲ...........။ ကျေကျေနပ်နပ်အဖြေရှိပြီးသော မေးခွန်းများ ကို ကျနော့် ကိုယ်ကျနော် အတွင်းစိတ် နံရံပါးပါးတွင် ပဲ့တင်ထပ်အောင် မေးဖြစ်ပြန်၏။ အစည်းအဝေး ပြီးသည်နှင့် အစည်းအဝေးခန်းမှ ထွက်၍ ကျနော့်ရုံးခန်းဆီပြန်လာ၊ ကျနော့်ရုံးခန်းမီးကိုမှိတ်လိုက် ၊ ထို့ နောက် ရုံးခန်းတံခါးသော့ပိတ်လိုက်ပြီး ၀န်ထမ်းများ၏ လေးထောင့်နံရံလေးများ ပိတ်ကာထားသော စားပွဲများကို ဖြတ်ကာ တံခါးမကြီးဆီသို့ ဦးတည်၏။ ပြီးတော့ ကား ရပ်ထားရာ ကွန်ကရစ် ပြင်ကျယ် ဆီသို့ ..........။ ထို မှ ကား တံခါးကို ဖွင့်............၊ ကားစက်ကိုနှိုး.........၊ နံပါတ်တစ် ဂီယာ ...........၊ ပြီးတော့ ခပ်သာသာ မောင်းထွက်လာခဲ့၏။ ------------------------------------------------------------------------------- " ငယ်လေး ပုဇွန် ဟင်း စားချင်တယ် ကိုကို " ကျနော်က ပြုံးကာ "ပီဟပ်မဲပိ နာတည့်တည့်" ဟု ရှမ်းလိုပြန်ဖြေလိုက်၏။ ထိုစကားအား "ကိုကို့ မိန်းမကို ကိုကိုအရမ်းချစ်တယ် " ဟု မြန်မာလို ဘာသာပြန်နိုင်၏။ ကျနော့်ဘ၀ကို နားလည် ခွင့်လွှတ် စိတ်ဖြင့် ၊ ကျနော့် အပြစ်အနာ မောဟ တို့ ကို သူမ၏ မေတ္တာရေစင်နှင့် သန့်စင် ပြုပြင်မြတ်နိုးမှုဖြင့် ၊ ကျနော်လို စည်းမဲ့ကမ်းမဲ့အရိုင်းအစိုင်း ကို လူတယောက်လို နေတတ်ထိုင်တတ်အောင် ပြောင်းလဲ ပစ်နိုင်သော သူမ၏ ကြံ့ခိုင်သော အချစ်ဖြင့်.............။ ထို ကျနော့် ဇနီးအား ကျနော် သိပ်ချစ်၏။ ဖွဲ့ နွဲ့ မှုမဲ့သော ၊ ကျစ်လျစ် ပြည့်စုံသော စကားတစ်ခွန်းဖြစ်သော ကျနော်သိပ်ချစ်၏ ဆိုသည်က လွဲ၍ ပိုမိုပြည့်စုံသည့်စကား ရှိကောင်းရှိပါအံ့............။ သို့ သော်သိပ်ချစ်၏။ ငယ်လေး ပုဇွန်ဟင်းစားချင်တိုင်း ........ကျနော်က ပုဇွန်ပြည့်ပြည့် ထွားထွား များကို ခရမ်းချဉ်သီး၊ ကြက်သွန် နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး အလှော်ထောင်း အရောင်ပါယုံ ဖြင့် ပုဇွန် လက်မများကို ပင် သေချာ ထောင်းခြေကာ အတွင်းမှ အဆီ အနှစ်များ ကို လည်း ထည့်၍ မွှေးပျံ့ အရသာ ရှိသော ပုဇွန်ဆီပြန်ဟင်း ၊ ငံပြာရည်ချက် ၊ သံပုရာသီး စိပ်ကလေးများ၊ ခရမ်းသီး မီးဖုတ် ပြီးမြေပဲနိုင်နိုင်ကြက်သွန်နီနိုင်နိုင် နှင့် အသုတ်၊ ၀က်ရိုး မုန်ညှင်းဟင်းချို တို့ ဖြင့် ချစ်ဇနီးနှင့်အတူ စားနေကြ။ ထိုသို့ စားတိုင်းလည်း ချစ်သူ ဘ၀ တုန်းက သူမ က အမေနှင့်(ယောက်ခမကြီး) ပုဂံသို့ နှစ်ယောက်ထဲ ခရီးထွက်စဉ် ကျနော်နှင့်သူ လက်ထပ်ပြီးလျှင် ထမင်း ထည့်စားရန်ဟုဆိုကာ ၀ယ်လာခဲ့သော ယွန်း ထမင်းအုပ်ထဲတွင် ထမင်း ပူပူကို သူကိုယ်တိုင်ခပ်ထည့်ရမှ။ တကယ်တန်းတော့ ထိုကာလက ကျနော့်ကို သူမ အကြီးအကျယ် စိတ်ဆိုး နေချိန် ၊ ထိုကဲ့သို့ စိတ်ဆိုး နေသည့်ကြားမှ နှစ်ယောက်တူတူ စားရန် ထမင်းအုပ်ကို ၀ယ်ဖြစ်အောင် ၀ယ်တော့ အမေက သူမကို ရယ်လျှက် "သမီးရယ် ဟို မှာ တခုခု အခက်အခဲရှိနေလို့ သမီးကို မဆက်နိုင်တာဖြစ်မှာပေါ့ " ဟု ပြောသော်လည်း အကြီးအကျယ် ဒေါသူပုန်ထနေခိုက်..............။ ------------------------------------------------------------------------------- ဆောင်းအ၀င်..........။ ရွက်စိမ်းတို့ နီပြေပြေ ၀ါရွှေရွှေ .......။ လေ အသိမ်းမှာ ယိမ်းလိုရာယိမ်းလို့ .......။ အကယ်၍........ကျနော်က ကျနော့်နယ်မြို့ ကလေးရှိ မူလတန်းကျောင်းကလေးတစ်ကျောင်းမှ ကျောင်းဆရာ တစ်ယောက်ဆိုပါက.................။ "ငယ်လေး ပုဇွန် ဟင်းစားချင်တယ် ကိုကို " ဟု..............ကျနော့်ဇနီးက ပြောလာလျှင် .............ကျနော်မည်သို့  ဖြေရပါ့..............။ ကျနော်သည် မှန်ပြတင်းကျယ်ကြီးကို ဖြတ်၍ စိမ်းဝါနီရော် ဆောင်းသံတွေ အော်နေသော လေနှင့် ယိမ်းနေသည့် တောအုပ်ကြီးကို ကြည့်ကာ တွေတွေငေးငေးတွေးနေမိ၏။ ကျနော့် လခကလေးနှင့် ကျနော့်ဇနီးကို ပုဇွန်ဟင်းမှ ချက်ကျွေးနိုင်ပါ့မလား...........။ ကျနော့် စိတ်အစဉ်သည် အလိုလို ဆိုက်ကား လက်ကိုင်ပေါ်သို့ ရောက်သွား၏။ ရေစည်လှမ်း လက်ရမ်းပေါ်သို့ ရောက်သွား၏ ။ ည သန်းခေါင် ကုန်စိမ်း ရထား မှ အလုပ်သမားတန်းသို့ ရောက်သွား၏။ ပြီးတော့...........နွမ်းနွမ်း ညစ်ညစ် ပုဆိုး တိုတို စည်းကာ ၊ မျက်နှာပေါ်မှ ချွေးများသုတ်ရင်း မနက်ခင်း ဈေးတန်းတွင် ငါးဗန်းပုဇွန်ဗန်းများပေါ်မှ သန်ပေ့စွမ်းပေ့ ဆိုသော ပုဇွန်ထုပ်ထွားထွားကြီးများကို ခါးကြားမှ ပိုက်ဆံ အဟောင်းလိပ်ကလေးထုတ်၍ အရာရာကိုမေ့ပစ်ပြီး ၀ယ်ဖြစ်မည် သာဖြစ်၏။ ပြီးမှ ချစ်ဇနီးစားချင်သော ပုဇွန်ဟင်းကို သူမတယောက်စာ လေးသာ ချက်၍ ကျနော်က ပဲပြုတ် ဆီဆမ်းဆားဖြူး ထမင်းကြမ်းကို ကျကျနန လွေးလျှက် ၊ တိုက်ပုံအဟောင်းလေး ၀တ် ၊ လွယ် အိတ် အနွမ်းကလေးလွယ် ၊ တပါတ်နွမ်းကျောင်းစိမ်းပုဆိုးကလေးကို စည်းပြီး ကျနော့် တပည့်ကလေးများ၏ အနာဂတ်ကို အလှဆုံး ပုံဖော်နိုင်ရန် မပျက်မကွက်အရောက် သွားဦးမည်။ ပြီးတော့...........ကျနော့် တပည့်ကလေးများ သူတို့ ၏ ချစ်ကြင်သူ အိမ်ထောင်ဖက်အား ပုဇွန်ထုပ်ထွားထွားကြီးများ အချိန်မရွေး ၀ယ်ကျွေးနိုင်မည့် ပြည့်စုံသောဘ၀လေးများအတွက်........။ ငြိမ်းဇေဦး

Sunday, July 4, 2010

မျက်စိဆံပင်မွေး စူး ကြခြင်း

 နေပါတ်လမ်းကြောင်းပေါ်မှာ လွင့်ပါလာတဲ့အမှုန်ကလေးတစ်ခုပါ
ကမ္ဘာ ကြီးပေါ်လဲ ဖရိုဖရဲပြုတ်ကျခဲ့ရ....
ဟောဒီမည်ကာမတ္တ ဘ၀ ကလေးနဲ့.................။

အဲသလိုနဲ့
အမေ့သား မရိုးသားသူတွေရဲ့ မျက်လုံး ထဲ ခုန်ခုန်ဝင်ခဲ့တာပေါ့
အမေရေ.....
အဲဒီလူတွေမျက်ရည်ကျနေတာမဟုတ်ဘူး ဗျ.............။



ငြိမ်းဇေဦး

Monday, May 31, 2010

မင်းလေးရဲ့အဟာရ




ဂျစ်ပစီ တစ်ယောက်ရဲ့ဖဲချပ်တွေလို မဟုတ်ရဲ့
နှလုံးသားတားရော့ကတ်
တစ်ချပ်ထဲပဲ ........
ဖျတ်ကနဲဆွဲ...............
ဆတ်ကနဲလှန်..........
အာ မ ခံတော့ ဘူး လုံမရေဆိုတဲ့
ကျုပ်အခွက်ကြီး ဇောက်ထိုး ဆွဲလို့ ထွက်လာပါတော့မယ်။

ဘရော့ဝေးဇာတ်ခုံကြီးပေါ်ဘယ်တော့မှ
ရောက်နိုင်စွမ်းမရှိတဲ့ သရုပ်ဆောင်မှုတွေနဲ့
နံရံမှီထောင်ထားတဲ့ ဂစ်တာ ဟောင်းတစ်လုံး
လဲကျသွားသလို ..................
တိုးတိတ်တိတ်...
မာဆတ်ဆတ် သံစဉ်တွေနဲ့
ပြိုလဲခဲ့ပါပြီ..........................။

ဘယ်ရီသီး နုနုကလေးတွေကို
အမြီး လေး ကော့ပြီး ဟန်ချက်ယူ ရင်း
တို့ ဆိတ် ဆွဲမျိုတတ်တဲ့ ရော်ဘင် ငှက်ကလေးတွေလို
ကျုပ်က မကျွမ်းကျင်တဲ့ ဖြစ်စဉ်ထဲမှာ
ကမ်းဝေးလှိုင်းပြေးလိုပဲ
အပြန့် ကျယ်ကျယ်
အရှိန်ကောင်းကောင်းနဲ့
မင်းကလေးကို
ပန်းတိုင်လို့ သဘောထားပြီး
မာရသွန် ပြေးခဲ့ရတာပါ
ဘ၀ဆိုတာ သဲထဲရေသွန်မဖြစ်ချင်ခဲ့................။

ကျက်စ ပြောင်းဖူးဖုတ်ကလေးလို
နတ်ပြည်မွှေးပြောင်းဖူးဖုတ်ကလေးလို
မွှေးပျံ့ အရသာပြည့် လှချည့်
အဲဒီ ပြည့်စုံခြင်းတွေနဲ့
မေတ္တာရှိခဲ့သပေါ့..........
ကျုပ်က ငှက်ကလေး ထိုးဆိတ်မယ့် ဘယ်ရီသီးကလေး ဖြစ်ခဲ့ ............။

ငြိမ်းဇေဦး


ဘ၀ပြတင်း



ကိုယ့်ကိုယ်ကို တခါတခါ
မယ်မယ်ရရ စိတ်ပါလက်ပါ
ပစ်ပစ်ခါခါ စိတ်ဆိုးလာတယ်.....။

စမ်းကျရေစင် လဲမဖြစ်ချင်ပါဘူး
ချစ်သူအတွက် အေးမြသန့်စင်တဲ့
ရေသန့် ဗူးကလေးပဲဖြစ်ချင်

ဝန်ထုတ်ဝန်ပိုးလို့ မမြင်ပါနဲ့ကွယ်
နှစ်ဦးဘ၀ဆိုတာ ကျင်တွယ်ကိုက် စရွေးကိုက်
နားလည်မှုနဲ့တည်ဆောက်ရတာပါ။

ဒီနားလည်မှုထဲမှာ မွှေးပွ ၀က်ဝံရုပ်ကလေးလဲ
ပါမှာပဲ။

ဒီနားလည်မှုထဲမှာ မွှေးမြနှင်းဆီလဲ
ပါမှာပဲ ။

ဒီနားလည်မှုထဲမှာ
မလိမ်မိုးမလိမ်မာ လူစည်တဲ့ပွဲလည်ခေါင်
ဗိုက်ထနာသလို မဆင်မခြင်ဖြစ်မှုတွေလဲပါမှာပဲ

ဒါတွေကို
အဲ့ဒါတွေကို
ရွေဘော်ထိုး ဆောက် ရိုက်ပြီး
ကျကျနနတည်ဆောက်မှ
ဟောဒီ ကိုကိုတို့  အနာဂါတ် ပြတင်းပေါက်ကလေး
ဖြစ်တည်မယ်ကွယ် ..........။

အချစ်ရယ် ဒီည စောင့်မယ်နော်.............။


ငြိမ်းဇေဦး

ချစ်သူလေး ယခုမွေးနေ့မှသည် နှစ်ပေါင်းရာချီ ရှင်သန် ပျော်ရွှင် ချမ်းမြေ့ပါစေ ။

ကိုကို

Sunday, May 16, 2010

ဗလာစက်ဝိုင်း

သိုလှောင်ထားခဲ့တဲ့ဗလာတွေ
ပြည့်နှက်ခဲ့ပြီ ။

မနက်ခင်း မိုးစက်တွေရေ
မင်္ဂလာပါ ။

အနီရောင်ငှက်ကလေးရေ
မင်္ဂလာပါ ။


သစ်တောစိမ်းစိမ်းရေ
မင်္ဂလာပါ ။

ဒီမှာ..........
ဗလာတွေခင်းထားတဲ့ကော်ဇောကြီးပေါ်
ဗလာတွေကို သွန်ချ
ဗလာတွေကို မျှော်ရင်း
ဗလာတွေပြန်ဝေလို့
ဗလာတွေ နဲ့ ကြီးပြင်း
ဗလာ သံခင်းတမန်ခင်းတွေ
ဗလာ ကော်ဖီဝိုင်းတွေ
ဗလာ ညစာစားပွဲတွေ
ဗလာ ဧည့်ခံပွဲတွေ
ဗလာ အပြုံးတွေ
ဗလာမျက်လုံးတွေ
ဗလာ နှုတ်ခမ်းတွေ
ဗလာ ပဋိသန္တာရတွေ
ဗလာအကြောင်းပြချက်တွေ
ဗလာတွေ ပြန်သိမ်းလို့ 
နေရောင်ငြိမ်းအိမ်အပြန်မှာ
ဗလာတွေ တလှေတိုက်နဲ့
ဗလာတွေ သေချာပိုက်လို့.............

သိုလှောင်ထားခဲ့တဲ့ဗလာတွေ
ပြည့်နှက်ခဲ့ပြီ။


ငြိမ်းဇေဦး

Wednesday, April 28, 2010

လက်ရှိအခြေအနေ


ပျော်ရွှင်ခြင်းကို ကလေးတစ်ယောက်လို ခံစားနိုင်လာပြီ
ငါ က ငိုရင်း လဲ ရယ်တတ်တဲ့သူ ...။

နားလည်မှု တွေ တဆင့်မြင့်လာခဲ့ပြီ
တို့ ခြေစုံကန်ပြီး ခွာကြည့်နေခဲ့ကြတယ်....။

အဖြေက..
တယောက်ရင်ခွင်ထဲ တယောက်ပြိုကျ
ငိုရတာတွေတိတ်တော့ ငယ်
အိပ်တော့ကွယ်နော်.....................။

ငြိမ်းဇေဦး

ဝက်အူရစ်ကလေး

ရေစီးကြမ်းတဲ့မြစ်တစ်စင်းက ကမ်းပါးကျောက်ဆောင်နဲ့ငြိနေတဲ့ ပြိုလဲသစ်ပင်တစ်ပင်လိုပဲ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။ အသုံးတည့်မှုဖော်မြူလာထဲမှာ အချေခံလိုက်ရတဲ့ မသိကိန်း တစ်ခုလို အငွေ့ပျံသွားခဲ့တယ်။ တန်ဘိုးမဲ့ဖြစ်စဉ်မှာ ဟီလီယံလို ဟန်ဆောင်ဖို့ ငါ့အနားမှာ ပူဖောင်း တထုတ်မရှိခဲ့ဘူး။ မှေးကနဲမိန်းမောသွားချိန်မှာ နံနက်ခြောက်နာရီ နှိုးစက်က သူ့ရဲ့ ကျိန်စာကို စတင်ရွတ်ဆိုပြီ။ နီစွေးစွေးတောင်ပံတွေနဲ့ ငှက်တွေတောင် သစ်တောအုပ်ထဲမှာ မရိုးနိုင်တဲ့ဈေးနေ့ကျင်းပနေကြပြီ။ လည်မျိုကဆွဲပြီးချိန်ခွင်ထဲအထည့်ခံရမယ့် ကြက်သေတစ်ကောင်လို အိပ်ယာက ထလိုက်တယ်။ အိပ်ခန်းတစ်ခါးကို ကျောက်ဆူးတစ်ချောင်းဆွဲနှုတ်သလို ဖွင့်လိုက်ပြီး သစ်ဆွဲဆင်အိုလို ရေချိုးခန်းဆီကိုလှမ်းခဲ့တယ်။ မီးဖိုကောင်တာပေါ်က ဆေးလိပ်ဘူးကို ပိုကာရှုံးပြီးပြန်လာတဲ့ဖဲသမားတစ်ယောက်လို ဆွဲယူလိုက်ပြီး အသေခံဗုံးခွဲသမားတယောက်လို မီးညှိလိုက်တယ် အဲလို မိုက်မဲမှုနဲ့ အဲသလို ။ မှန်ရှေ့မှာ ကိုယ်လုံးတီးရပ်ပြီး နာဇီအကျဉ်းစခန်းက ဂျူးတစ်ယောက်လို ခေါင်းငိုက်စိုက်နဲ့မမှိတ်မသုံ ငေးနေမိတယ်။ တကယ်တော့.... အဲဒီဖြစ်စဉ်တွေကို ငါ့ချစ်သူကို မပေးရက်ပါဘူး ။ ---------------------------- ရုံးကိုရောက်တော့ ကော်ဖီတစ်ခွက် ဖျော်လိုက်တယ်။ ဘယ်သူနဲ့မှစကားမပြောဖြစ်ပဲ ကော်ဖီ ခွက်ကို ကိုင်ပြီး အပြင်ထွက်လာခဲ့တယ် အနွေးဓါတ် မဲ့ တဲ့ မနက်နေရောင်အောက်က ရွက်လှပင်လိုလို ပွင့်စရာမလိုပဲအသွေးကြွယ်တဲ့ အပင်ပုတွေအပေါ်က ရေစက်တွေကို လျှာဖျားနဲ့ထိကြည့်ချင်စိတ်ပေါက်လာခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး ။ အဆောက်အဦအသစ်ဆောက်နေတဲ့ နေရာကို ဖြေးဖြေးမောင်းလာခဲ့တယ်။ဂီယာမပြောင်းဖြစ်ပဲ မောင်းလာခဲ့တဲ့ကားဟာ အိုစာလွန်းတဲ့အဘိုးကြီးတစ်ယောက် လောကကိုအလိုမကျသလို ငြီးတွားရင်း အသိပေးလိုက်တော့မှ သတိရလိုက်မိတယ်။ အလုပ်သမားတွေ က နှုတ်ဆက်ကြတယ်။ မင်္ဂလာမနက်ခင်းတဲ့။ နေကောင်းလားတဲ့ ဒီစကားတွေကို လူ့ သက်တန်းတစ်ခုမှာ အခါပေါင်းသောင်းချီပြီးလူတွေ ရွတ်ဆိုဖြစ်ကြတာပေါ့ ။ ပြောင်လက်နေတဲ့ကော်ဖီခွက်ရဲ့လည်ပင်းကိုဖွဖွကိုင်ထားရင်း အားလုံးကို စိတ်ပါလက်ပါပြုံးပြပစ်လိုက်တယ် ကင်းသမားတစ်ယောက်ရဲ့ ညစ်ထေးထေးတစ်ယောက်အိပ်ခြင်ထောင်လို အရောင်တွေနဲ့.....။ ကျယ်ပြန့် လွန်းလှတဲ့သမံတလင်းကြမ်းပြင်ပေါ်မှာ အစင်းသား လဲနေတဲ့ ၀က်အူရစ်တစ်ချောင်းကို မြင်ရတယ်။ တကယ်တော့အဲဒီဝက်အူရစ် ဟာဆောက်လုပ်ရေးအလုပ်သမား တယောက်ယောက်ရဲ့ ခါးပတ်အိတ်ထဲကပြုတ်ကျချိန်မှာ ခန္တာနဲ့မမျှကြီးမားစွင့်ကားတဲ့ သူ့ ခေါင်းကို ဘီးတခုလို သဘောနဲ့လူးလှိမ့်နေကောင်းနေခဲ့လိမ့်မယ် ခုတော့ တုတ်တုတ်မှကိုမလှုပ်တော့တဲ့ဝက်အူရစ်။ ရည်ရွယ်ချက်အတိအကျမရှိပေမယ့် အဲဒီဝက်အူရစ်ကို ဘယ်လောက်ဝေးဝေး ကန်ထုတ်ပစ်လိုက်နိုင်မလဲဆိုတဲ့ မတွေးမိတဲ့ စိတ်နဲ့ တဖြေးဖြေးလှမ်းလာမိတယ်။ ပုခုံးမှာလွယ်လာတဲ့ ကွန်ပြူတာအိတ်ကို စလွယ်သိုင်းလွယ်လိုက်ပြီး ငယ်ဝယ်ပေးထားတဲ့ဆွယ်တာလက်မောင်းကိုပင့်တင်လိုက်တယ်။ သေချာချိန်ရွယ်ပြီး ရှူးဖိနပ်ဦးနဲ့ဂိုးသမားကိုလှည့်ပြီးဆွဲလာတဲ့ဘောလုံးကို ဂိုးပေါက်ထဲ ပါယ်ပါယ်နယ်နယ်ပစ်ကန် လိုက်သလို ကန်ပစ်လိုက်တယ်။ တပြိုင်နက်ထဲမှာမျက်ခြေပြတ်သွားမှာကိုလဲစိုးတယ် ။ အရှိန်နဲ့ အသံခပ်ကျပ်ကျပ် ကျစ်ကျစ်လစ်လစ် မြည်ပြီး အကန်ခံလိုက်ရတဲ့ဝက်အူရစ်ဟာတရှူးထိုးနဲ့ရှပ်တိုက်ပြေးတော့တာပဲ။ သံချောင်းတွေ သံတိုသံစတွေစုပုံထားတဲ့ အပုံကြီးနဲ့ မနီးမဝေးလောက်မှာ ရပ်သွားတယ်လို့ ထင်လိုက်မိတယ်။ အဲဒီ သံဘောင် ဖြတ်စတွေ သစ်သားစတွေ စုပုံထားတဲ့ အနားမှာ လှည့်ပါတ်ပြီးရှာမိတယ်။ ရှာမိပုံက ပေါင်တချောင်းမြှောက်ပြီး ပိုင်နက်သတ်မှတ်ဖို့  ပြင်နေတဲ့ခွေးတကောင်လို ။ မတွေ့ တော့ဘူး ............။ အဲဒီဝက်အူရစ်ကလေးကိုမတွေ့ တော့ဘူး။ သည်းသည်းမည်းမည်းရှာမိပုံက လက်မှတ်စစ်အလာမှာရထားလက်မှတ်ပျောက်သွားတဲ့ ကုန်စိမ်းသည်လို။ မတွေ့ တော့ဘူး။ စိတ်ထဲမှာ ဟာတာတာကြီးဖြစ်သွားခဲ့ရပြီ။ တကယ်တော့ အဲဒီဝက်အူရစ်ကလေးကို ငါ့အနေနဲ့ မလိုအပ်ပါဘူး။ အဲဒီဝက်အူရစ်ကလေး ရှိနေခြင်း မနေခြင်းဟာ ငါ့ဘ၀ကိုဘယ်လိုနည်းနဲ့မှ အကျိုးမသက်ရောက်နိုင်ခဲ့ပါဘူး ။ .... ပေါင်ပေါ်တင်ထားတဲ့ကွန်ပြူတာ က နုတ်ပက် ထဲမှာ ဒေါင်လိုက်မျဉ်းကလေး မှိတ်တုတ် မှိတ်တုတ်နဲ့ဖြစ်နေတာကိုသတိထားမိလိုက်တော့ ငါ နားလည်လိုက်တယ်...။ အဲဒီဝက်အူရစ်ကလေးဟာ တကယ်တော့ ငါ့စိတ်ထဲမှာ အရစ်ကုန် စွဲပြီး သူ့ ပုံရိပ်ကလေးသူချိတ်သွားခဲ့ပြီဆိုတာ...............................................။ ငြိမ်းဇေဦး

ကွီနိုင်း



ဘ၀....
ခါးပုံများ...
ငှက်ဖျား... တောင်..ပြေး။

ငြိမ်းဇေဦး

ကျိန်းသေ ပစ်ကွင်း



ငါဟာ....
မြက်ရိုင်းခင်းပေါ်က ငန်းရိုင်းတစ်ကောင်ဖြစ်နေရင်တောင်
ပျံနေရင်းကျည်သင့်မယ့်အဖြစ်တွေကို
လေတံခွန်လို ရင်ဆိုင်သူပါ။

အချစ်ကိုအရောင်ပြောင်းဖို့
ဆိုးဆေးအကောင်းစား တစ်ဗူး
ဦးနှောက် နူရွန်တဖဲ့
ဖွဲ့ နွဲ့ သိုင်းဝိုင်းမှု မတ်ခွက်တလုံးနဲ့
ချိန်ခွင်အသစ်စက်စက်တွေသုံးပြီး
ဝုန်း....ဆို
သီအိုရီတွေခုန်ဆင်း .........။


အချစ်ဆိုတာ
ဆံပင်ဖြူတစ်မျှင် မှ မဟုတ်ပဲ......

နှလုံးသားဆိုတာ အပိုပစ္စည်းတွေထားတဲ့
ရောင်းအားထိုင်း ကုန်လှောင်ရုံ မှမဟုတ်ပဲ....

အသည်းနာမှုတွေကို အတ္တနဲ့စုချည်ပြီး
သံယောဇဉ်ကို ဆောင့်ဆွဲ
ထောင့်ထဲမှာ သွားထိုင်နေကြည့်ပါ..........။

အိမ်အပြန်နောက်မကျစေနဲ့ ငယ်......
ဆေးတွေမမေ့နဲ့ ငယ်.....
အနွေးထည်လေးဝတ် ငယ်.....
ခေါင်းစင်အောင်သုတ် ငယ်.....

ချစ်သူချင်းပြောတဲ့ပဋိသန္တာရ ပဲ့တင်တွေပါ
သံခင်းတမန်ခင်း သွေးတိုးစမ်းမှုတွေပါ
အဲသလိုသာမှတ်လိုက်
အမြဲတမ်းအလစ်အငိုက်ပေးမယ့်သူ
ပစ်ကွင်းလိုချစ်ခြင်းနဲ့တ၀ဲလည်လည်ပေါ့
ပစ်စေတော့ အချစ်ရယ် .......။


ငြိမ်းဇေဦး

Monday, April 5, 2010

ဖြေ

တယောက်နဲ့တယောက်
သိပ်ဝေးသွားကြလို့ ပေလား.......။

တယောက် ရင်ခုန်သံတယောက်
မကြားနိုင်ကြလို့ ပေလား.....။

တယောက်ရဲ့ အသံလေးတွေ
တယောက်မကြား ရတာ....
ကြာလွန်းလှလို့ ပေလား..။

စွန့်နိုင်တဲ့ခွန်အား
တကယ်များ ရှိသွားပြီလား........

ငါ့မျက်ရည်ကြားမှာ...
ငါဖြေတာငါမကြား...
မှုန်ဝါးလွန်းတယ် အချစ်ရယ်........။


ငြိမ်းဇေဦး


Sunday, November 15, 2009

ကိ

ခုတလော အချစ်ကဗျာတွေ ရေးလို့ မရတော့ဘူး ။ ရင်မခုန်တော့ဘူးလား ဆိုတော့လဲဟုတ်သေးဘူး။
အလုပ်ကပင်ပန်း အိပ်ရေးကမ၀ ထွေလီကာလီတွေကနေ့စဉ် နေထိုင်မှုထဲမှာ ပိုပိုများလာတော့စာတောင်မရေးဖြစ်တော့သလောက်ဖြစ်နေတဲ့အနေအထား။
ဒီကြားထဲ လုံမက အမြဲ တန်း စိတ်မချ မှုတွေနဲ့ ၀ုန်းဒိုင်းကြဲမှုဒဏ်ကိုလဲ ခဏခဏ ခံရသေးတော့ လူမှာ ဆံပင်သာမကောင်းရင် ထိပ်ပြောင်ရတော့မယ့်ကိန်းကရှိနေတယ်။
ဘယ်သူမပြုမိမိမှုတွေကလဲ ဘ၀မှာ များခဲ့တာကိုး။ ဒါနဲ့ ခုလို အေးစက်စက် ပျင်းရိဖွယ် တနင်္ဂနွေ နေ့တွေမှာ ရွာနီးချုပ်စပ် လှည့်လိုက်ပါဦးမယ်လေ ဆိုပြီး ထွက်လာရင်းအဘိုးကြီးလေးတစ်ယောက် တုတ်ကောက်နဲ့ တဖြေးဖြေးချင်းလျှောက်နေတာ တွေ့ ရတော့ ကာတွန်းဆရာကြီး ဦးဟိန်စွန်းပြောခဲ့ဖူးတဲ့ပုံပြင်တစ်ပုဒ်ကို သွားသတိရတယ်။


တခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ အင်မတန်မှ မိန်းမကိစ္စရှုပ်တဲ့အဘိုးကြီးတစ်ယောက်နဲ့ အင်မတန်မှ အေးဆေးတည်ငြိမ်ပြီး သည်းခံစိတ်ရှိတဲ့ သူ့ ဇနီးအဖွားကြီးတယောက်ရှိသတဲ့။
အဘွားကြီးဟာ ရှိတဲ့ငွေကလေးတွေ အတိုးချပြီး အေးအေးလူလူနဲ့ ဘုရားတရားအလုပ်ကလေးကိုလုပ်ရင်း အင်မတန် တာဝန်ကျေပွန်တဲ့ဇနီးကောင်းတယောက်ဖြစ်သလိုအဘိုးကြီးဟာဘယ်လောက် မိန်းမရှုပ်သလဲဆိုရင် အိမ်မှာ အ၀တ်လျှော် ထမင်းချက်လာလုပ်ပေးတဲ့ မိန်းကလေးတွေကိုတောင် သူက ပြီတီတီ နဲ့ ရရင် ရသလို လက်စွမ်းပြလေ့ရှိသတဲ့။

အဲသလိုမှ မဟုတ်ပြန်ရင်လဲ သူ့ လက်ထဲ ငွေရှိလို့ ကတော့ မြို့ရဲ့ တောင်ဖက် ရပ်ကွက်အစပ်က ပြည့်တန်ဆာလုပ်ငန်း တရားမ၀င် လုပ်ကိုင်နေတဲ့ တည်းခိုခန်းမှာ ပြည့်တန်ဆာအသစ်လေးတွေ
ရောက်တိုင်း တာဝန် ကျေပွန်စွာနဲ့ သွားရောက် လှူဒါန်းလေ့ရှိသတဲ့။

အဲဒီကိစ္စတွေကို အဘွားကြီး သိသွားပြီးသကာလ၊ အဘွားကြီးဟာ သူ့ ယောက်ျားအဘိုးကြီးကို ငွေကြေးဆိုလို့ ခြူးတပြားမှ ပေးမကိုင်တော့ပဲ အဘိုးကြီး ဘယ်သွားသွားဘာလုပ်လုပ် အမြဲတန်း
စိတ်မချမှုနဲ့အရိပ်တကြည့်ကြည့် ဖြစ်နေရတော့တာပေါ့။ သူ့ ခမျာမှာ အိုကြီးအိုမကျမှ သူ့ လင်တော်မောင် ငပွေကြီးကြောင့် ဒုက္ခသစ္စာတွေကိုတောင် မမြင်နိုင်တော့ပဲ သံသရာ ဆိုးကျိုးဖြစ်မယ့်မောဟတွေ သံသယတွေနဲ့ အချိန်ပြည့် အသက်ရှင်နေရတော့တာပေါ့။

အဲသလိုနဲ့ အဘိုးကြီးဟာ ညနေ ဆည်းဆာရောက်ပြီဆို ထမင်း ၀ိုင်းမှာ သူ့ မယား မျက်နှာကို လေးလေးနက်နက် တည်တည်ငြိမ်ငြိမ်ကြည့်ပြီး သူ့ မိန်းမ သူ့ အပေါ်ဘယ်လောက်ကောင်းကြောင်းတွေ
ကို ဟိုး ငယ် ငယ် တုန်းက နေ ပစ္စုပ္ပာန်ကာလအထိ ဗာရာဏသီချဲ့ရင်း ပြောတော့တာပေါ့။

အဘွားကြီးမှာလဲ ရိုးသားမှုကလည်းအပြည့် ၊ တောင်တောင်အီအီတွေလဲ မတွေးတတ် ၊ မစဉ်းစားတတ်တဲ့ သဘောဖြူအူစင်း ၊ ယုံတတ် ၊ ချစ်တတ် ၊ တန်ဘိုးထားတတ်တဲ့ အမျိုးသမီးကြီးကလည်းဖြစ်ပြန်ဆိုတော့
အဘိုးကြီးပြောသမျှ ပြုံးပြုံးလေးနားထောင်ရင်း သူ့ ခမျာ ကြည်နူးရရှာတာပေါ့။

ညစာစားပြီးပြီဆိုတာနဲ့အဘိုးကြီးဟာ အဘွားကြီးလက်ကလေးကိုဆွဲပြီး စပါယ်ရုံလေးတွေ ဇွန်ပန်းရုံလေးတွေ ဘေး ပိတောက် ပင်ကြီးတွေ ၊ ငုပင်ကြီးတွေ ၊ အစီအရီပေါက်နေတဲ့သူတို့ခြံဝိုင်းထဲမှာ
လမ်းလျှောက်တော့တာပေါ့။

အဘွားကြီးမှာလဲ ငယ်မူငယ်သွေးလေးတွေ ပြန် ရ၊ ဟိုးတုန်းက ညားကာစ အကြင်လင်မယား ဘ၀တုန်းက ခံစားမှုလေးတွေပြန်ရှင်သန် ၊ အချစ်ရနံ့လေးတွေတောင်သူ့ စိတ်ကူးထဲ သန်းလာတော့တာပေါ့။

အဲသလိုနဲ့ အကာသ လောကကြီးတစ်ခုလုံးအမှောင်ကျလာချိန်မှာ အဘိုးကြီးနဲ့အဘွားကြီး ဇနီးမောင်နှံဟာ သူတို့ရဲ့ အေးမြငြိမ်းချမ်းလွန်းတဲ့အိမ်ကလေးထဲပြန်ဝင်ပြီး အဘိုးကြီးဟာ ပက်လက်ကုလားထိုင်မှာ ပြေပြေလျော့လျော့ထိုင်ရင်းတခုခုကို အပြန်ပြန်အလှန်လှန်လေးလေးနက်နက်ကြီးကို သုံးသပ်တော့တာပေါ့။ခဏကြာတော့ အဲသလို တယောက်ထဲ မျက်မှောင်ကြုံ့ပြီး သုံးသပ်တွေးတောရင်း
ဖြေးဖြေးလေးလေးနဲကျွန်းလှေကားကြီးလက်ရမ်းကိုကိုင်လို့အိမ်ပေါ်ထပ်ကို ဖြေးဖြေးလေးလေးတက်သွားတော့တာပေါ့။

မကြာခင်မှာပဲ အဘိုးကြီးရဲ့ သြဇာလဲ ရှိ ကျက်သရေလဲ ပြည့်တဲ့ ဘုရားရှိခိုးသံကို ခပ် အုပ်အုပ်ကြားရတော့ အဘွားကြီးမှာ ကွမ်းသီးကလေးတွေ ညှပ်နေရင်းက ရင်ဘတ်လက်နဲ့ဖိပြီး ၀မ်းသာလွန်းလိုက်တာမှ ပြောမပြတတ်လောက်အောင်ပါပဲတဲ့။

အဲဒီ နေ့ ကစပြီး အဘိုးကြီးဟာ မနက်လင်းအားကြီးဆိုလဲ ပရိတ်ကြီး တွေ ရွတ်ဖတ်၊ ဆီမီးတွေ ထွန်း ရေချမ်းတွေကပ် နဲ့ တကယ့်ကို ဘာသာတရားမှာမွေ့ပျော် သွား တဲ့ သတိ သံဝေဂတွေနဲ့ သံသရာ ၊ ဒုက္ခ ၊ ဘ၀ဖြစ်တည်ရခြင်းအကြောင်းတွေကိုနက်နက်ရှိုင်းရှိုင်း
ပြည့်ပြည့်စုံစုံ နှလုံးသွင်းနေသူကြီးတယောက်
အနေနဲ့အဘွားကြီးရဲ့ စိတ်မှာ အင်မတန်မှပီတိဖြစ်မိသတဲ့။

အဲသလို အဘိုးကြီးဟာ ဘုရားနဲ့တရားနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေလာလိုက်တာ ဟာ ရက်အတန်ကြာလို့  တစ်လကိုးသီတင်းဖြစ်လာတော့တာပေါ့။
အဘွားကြီးဟာလဲ သူ့ ခင်ပွန်းအဘိုးကြီး တရားအားထုတ်ဖို့ လိုလေသေးမရှိ ဝေယျာဝစ္စတွေအကုန်ဖြည့်ဆည်းလို့ ဇနီးမယားကောင်းတို့ရဲ့ အမူအကျင့်အတိုင်း ပါရမီဖြည့်ရကျိုးနပ်တဲ့သူ့ ဘ၀ကိုကြည်နူးနေတာပေါ့။

တနေ့မှာ အဲဒီ ဇနီးမောင်နှံ ရဟန်းဒါယိကာ အဖြစ်နဲ့ ဆွမ်းကွမ်းဆေးဝါး အစစအရာရာလှူ ဒါန်းနေတဲ့ ဦးပဉ္ဖင်းလေး ဟာ သူ သီတင်းသုံးနေတဲ့ကျောင်းက ဆရာတော်နဲ့ အထက်မြန်မာပြည်ဘုရားဖူးသွားမှာမို့
အဘွားကြီးဟာ ဦးပဉ္ဖင်းလေး အတွက် လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးဖို့  အတွက် ပြင်ဆင်နေချိန်မှာ အပါတ်စဉ်အတိုးကောက်ရမယ့် မြီစားတွေနဲ့ အတိုးရောအရင်းရောပြန်ဆပ်မည့်သူတွေ ဆီကို သွားပြီးစာရင်းရှင်းစရာကလဲရှိနေတာပေါ့။

ဒါနဲ့ နေ့ လည်စာ စားပြီးချိန်မှာ အဘွားကြီးဟာ ဓမ္မကထိက လို တည်ငြိမ် အေးချမ်းနေပြီဖြစ်တဲ့ အဘိုးကြီးကို စာရင်း တွေရေးမှတ်ထားတဲ့  လယ်ဂျာစာအုပ်ကလေးပေးလိုက်ပြီး ပြင်ဆင်စရာတွေဆက်ပြင်ဆင်ပြီးကျန်ခဲ့တာပေါ့။

တဖြေးဖြေးနဲ့ မွန်းလွဲ လာယုံမက သူရိယ နေမင်းဟာ အနောက်အရပ်ကိုယွန်းလို့ နွားရိုင်းသွင်းချိန်ရောက်လာတဲ့အထိ အဘိုးကြီးဟာ အိမ်ပြန်ရောက်မလာဘူးတဲ့။

အဘွားကြီးမှာ စိတ်တွေကပူ ၊ ယောက်ျားဖြစ်သူ အဘိုးကြီးမှာ ထွက်သွားတုန်းကလဲ တောင်ဝှေးကလေး တဆ ဆ နဲ့ပေါ့။ တခုခုများဖြစ်နေသလားဆို တဲ့ ပရိဒေ၀ သောကတွေနဲ့ ခြံဝမှာ အဘိုးကြီးပြန်လာမယ့်လမ်းကိုမျှော်ကြည့်နေရင်း
ညီအကိုမသိတသိ မှောင်ရီတရောမှာ အဘိုးကြီးဟာ ညာလက်နဲ့တောင်ဝှေးကလေးကို ထောက် ၊
ဘယ်လက်နဲ့ခါးကလေးကို ပွတ်ရင်း စောင်းငန်းစောင်းငန်းနဲ့ ပြန်လာပါတော့တယ်တဲ့ ။

အဲဒီမှာ အဘွားကြီးက စိုးရိမ်ပူပန်စိတ်တွေနဲ့သူ့ ချစ်ခင်ပွန်း တရားသမားကြီး မြင်းလှည်းများတိုက်မိသလား ၊ ဆိုက်ကားများပွတ်ဆွဲသွားသလား ဆိုတဲ့မေးခွန်းကို အလောတကြီးမေးတာပေါ့။
အဘိုးကြီးက တော့ ဖြေးဖြေးလေးလေးဖြေရှာတာပေါ့ သူ ဘာမှမဖြစ်ကြောင်း ။
အဲဒီလိုဖြေလိုက်တော့အဘွားကြီးမှာ စိတ်သက်သာရ ရသွားပြီး အဘိုးကြီးကို ငွေတွေရခဲ့သလား ဆိုတဲ့အကြောင်းမေးလိုက်တဲ့ အခါမှာအဘိုးကြီးဟာ ပက်လက်ကုလားထိုင် ပေါ် တင်ပါးလွှဲလေးထိုင်ရင်းတောင်ဝှေးကို
တိုင်ထောင့်မှာ ကပ် ထောင်လိုက်ပြီး သူ့ ချစ်ဇနီး အဘွားကြီးကိုမော့ကြည့်ရင်းက အနာဂါမ်ဖြစ်သွားတဲ့ သူတော်စင်လို ' ရှင်မရေ.. ငွေကိစ္စတော့ မမေးပါနဲ့တော့ ... 'လို့ ဖြေရင်း
စကားကတ၀က်တပျက်နဲ့ရပ်သွားပါသတဲ့ ။

အဘွားကြီးဟာ အဘိုးကြီးမျက်နှာက အဓိပ္ပါယ်တွေကို ရှာဖွေ နားလည်လိုတဲ့
မျက်လုံးတွေနဲ့ကြည့်ရင်း အဘိုးကြီးဆက်ပြောမယ့်စကားကိုစောင့်နေချိန်မှာတော့
အဘိုးကြီးက မစုံတော့တဲ့သွားတွေကိုစိရင်း ပါးစပ်ကို မဟတဟ သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ ထပ်ပြောလိုက်တာကတော့ ' ကိလေသာ များ တယ်ဆိုးသကွာ ' လို့ ဖြစ်ပါသတဲ့။

အဲဒီမှာအဘွားကြီးဟာ တသက်လုံးထိမ်းလာရတဲ့ဒေါသတွေ ၀ုန်းကနဲပေါက်ကွဲပြီး အဘိုးကြီးမျက်နှာကိုစေ့စေ့ကြည့်ရင်း ' အောင်မယ်လေးတိပိဋကကြီးရဲ့ ......ကိမယ့်ကိကျုပ်ကိ ပါလားတော်..'လို့ခပ်မာမာအော်လိုက်ပါတော့သတဲ့။


ငြိမ်းဇေဦး


Monday, November 2, 2009

ကြွက်ကြော် ချင်ခြင်း

ထန်းရည်မူးတော့ကျွဲခိုးပေါ်
ကမ္ဘာကြီး နှစ်ထောင့်တစ်ဆယ့်နှစ်မှာပျက်ခဲ့သော်...
မဆီမဆိုင် ထမိန် မနိုင် .......

သူ့ မေကလွှား... အားအားယားယား
ပွားပဲ ပွားနိုင်လွန်းကြ ......။


ဥပုဒ်သည်တွေ အတင်းပြောတဲ့အနား
ကြွက်ကြော်ဝါးရင်း ထန်းရည် မူး တာ
ပြဿနာတော့သိပ်မဟုတ်လှပါဘူး ။

သူတို့ကတော့
နေ့ တဓူဝ အသေးအဖွဲတွေနဲ့
ဖောင်ဖွဲ့ပြီး မျှောနေကြတာပေါ့ ။

ကျုပ်ကတော့
ဒီလို ဆောင်း ဦးဆို
ထန်းရည်ချို တကျည်တောက်
ငရုတ်သီးခြောက် နိုင်နိုင်
ကြက်သွန်ဥကြီး နိုင် နိုင်
ဆီနိုင်နိုင် ရှောက်ရွက်နိုင်နိုင်နဲ့

ပဲကြီးလှော်သုတ် တဇွန်းဝါးလိုက်
ဝါးခွက် မြှောက်ပြီး တကျိုက် မျိုလိုက်
ကြွက်ကြော် ကိုက်လိုက်
နှမ်းဖတ်ချဉ်သုတ် ကလေး မြုံ့ လိုက်
ဆေးပေါ့လိပ်လေး တဖွာဆွဲလိုက်
အဲသလို...
အင်မတိအင်မတန်နှစ်ခြိုက်ဖွယ် မနက်ခင်းတွေ
ခပ်ထွေထွေ ပြန်လိုချင်သေးတာ...............။

ကိုယ့်အထာနဲ့ကိုယ်ပါ
ဒီလို သာမန် ထန်းရည်သမား
မူးများမူးလို့ကတော့ ...
တွံတေးသိန်းတန်ကိုယ်တိုင် လော်စပီကာတက်ဖြုတ်ချင်စိတ်
ကြိတ်မနိုင်ခဲမရ
အတုံးလိုက်အတစ်လိုက်ဖြစ်သွားရစေမယ့်ကောင်
အဲဒီလိုဟောင်ဗွာလဗွာနဲ့ ထွေးညိုကိုလဲ
လွမ်းချင်သေးတာ...။

ခုတော့ ထန်းရည်သမား ရှားသွားလို့လား
ကြွက်က ပဲ ပေါလွန်းသလား မသိ
သတင်းတွေကြည့်လိုက်တိုင်း ကြွက်လှိုင်းကြီးတွေ လယ်ဖျက်သတဲ့.....

အမှန်က ကြွက်သမိုင်း ကို မျက်ခြေပြတ်နေကြတာပါ
ဒီကြွက်တွေ ပြည်ဖျက်နေတာ ကြာလှပေါ့............။


ငြိမ်းဇေဦး

Tuesday, October 27, 2009

အဓွန့် ရှည်မှုများ၏ဇစ်မြစ်

မီးစာနှိမ့်ထားတဲ့ ဖန်အိမ်လို
ကိုယ့်ကိုယ်ကိုယ်မြင်ယုံလေးပဲ.................
နေခဲ့တဲ့ သူပါ..........

အလှသိပ်ကြိုက်ပြီး
ပျင်းလှပါတယ်ဆိုတဲ့ မိန်းမတယောက်ရဲ့
မှန်တင်ခုံကြေးမုံပြင်လို စိတ်ဟာ အစက်အပျောက်တွေ များလှပြီ
ဆိုတော့လည်း..................

ပါရီမြို့ ဟာ ဘောင်းဘီချွတ် ပက်လက်လှဲရင်း
ဲ အီဖယ်မျှော်စင်ကြီး ပြပြပြီး ညှိ့အားတွေ ကောင်းနေသလို
ထွားကျိုင်း သန်မာ နေရမှုတွေ ကို ငြီးငွေ့ လာခဲ့ပြီးသားပေမယ့်.........

ခြံစည်းရိုးအပြင်ကလူအချင်းချင်း
ငါတို့ ကပိုနီးသူတွေဆိုတဲ့ ကယ်တင်ရှင်တွေ ကို ကောင်းချီးပေးဖို့ 

အဲဒီမှာ
ငြိမ်းဇေဦးဟာ ပါရီမြို့ကြီးလို မဖြစ်မနေ
နေ ... နေ... ပစ်ရတော့တာပါပဲ..................။


ငြိမ်းဇေဦး

Sunday, October 25, 2009

Melted lines


ငြိမ်းဇေဦး
(Acrylic)

Friday, October 16, 2009

သုံးစွဲသူများ



ချစ်ပြကြတယ်
အသည်းအသန်ချစ်ပြကြ....

ခြေမွေးမီးမလောင်
လက်မွေးမီးမလောင်နဲ့
တချိန်တုန်းက တော့ ကိုးမားရောဂါသည်တွေလိုပေါ့.....

အဲသည်တောင်ကုန်းပေါ်က
ရေခဲတဲ့ဆောင်းညတွေကိုသူတို့ မသိပါဘူး

မျှော်လင့်စရာ အောင်ပွဲကလွဲလို့
မနက်ဖြန်တောင်မကျိန်းသေတဲ့ တိုက်ပွဲတွေကြားလဲ
သူတို့မရှိခဲ့ပါဘူး.......

အငတ်ငတ်အပြတ်ပြတ်နဲ့
လူသေဖိနပ်ချွတ်မှ ကိုယ်ချီတက်နိုင်မယ့်ဘ၀တွေလဲ
သူတို့မသိခဲ့ပါဘူး......။


ယမ်းနံ့တွေဟာ
ပန်းနံ့ဝေသလို နှစ်လိုဖွယ်မဟုတ်ဘူးဆိုတာလဲ
သူတို့ မသိခဲ့ပါဘူး....။

ခေတ်ကို
လိုသလို အသုံးပြုဖို့

ခြေနှစ်ချောင်းအောက်က ကိုယ်ရပ်နေရတဲ့မြေကို
လိုသလို အသုံးပြုဖို့

ကိုယ့်အတွက်
အကွက်ဝင်မယ်ဆို ဘာမဆို ရသမျှ
လိုသလိုအသုံးပြုဖို့

အဲဒီမှာ နှလုံးအတုနဲ့ရှင်သန်နေတဲ့သူတွေပေါ့.........
အပြုံးအတုတွေလည်း ပေးတတ်တယ်..........။


ငြိမ်းဇေဦး


ဥပေက္ခာမြောက် ကမ္မသကာ

ကျေနပ်တယ်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
ရှင်သန်တာအသင့်မြတ်ဆုံး...

ဘာပြောပြော ဘာထင်ထင်
ဘယ်လိုမြင်မြင် မျက်တောင်မခတ်ချင်တော့ဘူး....
အဲသမှာ ဘယ်လိုသတ္တ၀ါရဲ့
ကဲ့ရဲ့မျက်လုံးကိုမှ ဖောက်ထုတ်ချင်စိတ်မရှိတော့တာ
မုဒိတာ စတယ်ဆိုပါတော့...........။


ကိုယ့်ဘ၀ကိုယ်တူးဆွပြီး
မြှုပ်နှံပစ်ခဲ့ရတဲ့အတိတ်တွေဟာ
အိပ်နေပါစေတော့..........။

အနစ်နာခံခဲ့ကြောင်း
လူကောင်းဖြစ်ကြောင်း
ဘ၀တခုလုံးထောင်းထောင်းကြေအောင်
အနင်းခြေခံခဲ့ရကြောင်း
ကြုံတိုင်းမောင်းထု မပြောတတ်ခဲ့တာ
ဒီအတိုင်းပဲ ဆက်ရှိပါစေလေ
အားလုံးအတွက် အကောင်းဆုံးပါ
ဒီလို ကိုယ့်ကိုယ် ကိုယ်နှစ်သိမ့်မှုတွေနဲ့
အထီးကျန်မှုကို ရွေးချယ်ခဲ့........။

ချစ်ဖူးတယ်
မချစ်ပဲလဲ တူတူအိပ်ဖူးတယ်
တူတူမအိပ်ရပဲ လဲ ချစ်ဖူးတယ်
ဘ၀ အလျော်အစားနဲ့လဲ
အစော်ကားခံသတ္တ၀ါကိုကယ်ဖူးတယ်....

အားနာလွယ်
သနားလွယ်တဲ့ အားနည်းချက်နဲ့
စကားမသွက်ခဲ့သမျှတော့
ကိုယ်ခံအားကောင်းမှဆိုတာ
နားလည်ပြီးသား................

နှစ်များကြာလာတော့
ခံနိုင်ရည် ဟာ မိုင်ပေါင်းများစွာခရီးနှင်ခဲ့ပါပြီ..........

ဒီမှာ.....
ရိုးသားမှု ၊ ပွင့်လင်းမှု
နားလည်မှု ၊ ရိုင်းစိုင်းမှု အားလုံးဟာ
ဘ၀ကိုဖွဲ့ ညွှန်းရာ အဘိဓါန်ပါ
သိချင်ရင် လာ ကြည့်.....................
ဘာမှတော့ ကိစ္စမရှိ.......။

ငြိမ်းဇေဦး

Sunday, October 11, 2009

လူ ကောင်းတယောက် သေဆုံးခြင်း



သေဆုံးခြင်းလက်တစ်ခုပ်ကို
အားရပါးရရှုရှိုက်ပြသွားခဲ့ပြီ
ဟောဒီလူမိုက်ကတော့ ဒေါင်ဒေါင်မြည်တုန်း။

ခုချိန်ကျုပ်ကထ အမျှဝေလဲ
ဘ၀အကြေပဲ ရှိတဲ့အနေအထားနဲ့
ဒါပေမယ့်လဲ ခင်ဗျားက ကျုပ်ကို
ပြောနေကျအတိုင်း
မင်းကိုအားကျတယ်ကွာပဲပြောပြီး
လေရူးတွေတဖျောဖျောတိုက်နေတဲ့ဆောင်းမှာ
ပုဝါတစ်စလို လွင့်သွားပြန်ဦးတော့မယ်...။

ကျိုးနွံသေ၀ပ် ငဲ့ညှာတတ်မှုတွေက
ခင်ဗျားဘ၀ကို ရေတွင်းဘောင်က ပြုတ်ကျတဲ့
ခေါင်းခု အနွမ်းတစ်ခုလို စိုစေ
နစ်စေ ခဲ့ပြီ။


ကျုပ်အကိုလူတော် ဖြူရော်ခဲ့ရတဲ့
ဟောဒီဆောင်းဦးရယ်....
ဆယ်စုနှစ်များ ကို အလျားလိုက်ခုန်ပြီးသာ ပြန်သွားလို့ရလိုက်မယ်ဆို
ကျုပ်အပိုမပြောဘူး မီးကုန်ယမ်းကုန်ခုန်လို့
အိမ်ရှေ့ မီးပုံလေး ဘေးက ဆောင်းညတွေဆီအရောက်ပြန်လာချင်သေးတယ်။

ဗရမ်းဗတာ ဖြစ်တဲ့နေရာမှာ ပါရမီရှင်
ပွေတဲ့တေတဲ့နေရာမှာ ၀ိဇ္ဇာ
လုပ်ချင်ရာ လက်ရဲဇက်ရဲလုပ်တတ်တဲ့ နေရာမှာ ရှာမှရှားဆိုတဲ့ကျုပ်လိုကောင်ကို
အမြဲ အပြစ်မဆိုခဲ့ဖူးပဲ အားကျတယ်ဆိုတဲ့ ခင်ဗျား
စာအုပ်ပေါင်းများစွာ နဲ့ ယဉ်ပါးတဲ့ခင်ဗျား
သင်ကြားမှုပေါင်းများစွာနဲ့အကောင်းဆုံးလူဖြစ်ချင်တယ်ဆိုတဲ့ခင်ဗျား
ဘ၀မှာ တခါဖူးမျှ အမှားမလုပ်ဖူးတဲ့ခင်ဗျား
ရိုးသားစွာ သေဆုံးခဲ့ပြီ။

ခုတော့ ....
တချိန် တို့ ညီအကိုတွေပြန်တွေ့ ကြပြီဆိုတာနဲ့
အိမ်ရှေ့ ဂစ်တာဝိုင်းဖွဲ့ ၊ ရေနွေးကြမ်းအိုးလေးတည်
ကြယ်တွေကိုကြည့်၊
တိမ်တွေကိုကြည့်၊ တတိတိပြိုကျတဲ့ ညကို ကြည့်ရင်း
မင်းတို့ သီချင်းတွေဆိုရင်
စည်းချက်လိုက်လို့ နားထောင်ချင်........
ဆိုတဲ့....
ငါ့အကိုရဲ့ဈာပနမှာ....။

မိုင်ပေါင်းများစွာဝေးခဲ့......................။

ငြိမ်းဇေဦး


Saturday, September 26, 2009

စင်္ကြ၀ဠာကို ငုံ့ကြည့်မိတဲ့အခါ...

ပင်ပန်း၏
လွမ်း၏ ။

ပိတ်ဆို့ခြင်းမရှိ
ထွက်ပေါက်လည်းမရှိ ။

သွားစရာမရှိ
ရွှေ့လျားလိုမှုလည်းမရှိ။

ရှင်သန်လိုခြင်းမရှိ
သေဆုံးလိုခြင်းလည်းမရှိ။

ကောင်းကင်ကိုမော့ကြည့်မိ၏
တိမ်များအား စိတ်ကူးဖြင့် ချိန်တွယ်ကြည့်မိ၏။

ထိုအခါ...
တိမ်လွှာတွေပေါက်ကွဲလို့ မိုးမည်းကြီးရွာ၏
မိုးစက်များလေလွင့်၍ အရှိန်နှင့်ကြွေ၏။

ကော်ဖီတခွက်ဖြင့် မနက်စာပြီးခဲ့၏။
ကော်ဖီတခွက်ဖြင့် နေ့ လည်စာပြီးခဲ့၏။

ညနေခင်း ကောင်းကင်သည် အကြောင်းညီညွတ်စွာ
စွတ်စို ငိုကြွေး၏။

အရာအားလုံး ကို ကျောခိုင်းလိုပြန်၏
တဖန်...အရာအားလုံး အား ထွေးပွေ့လက်ခံလိုပြန်၏။

လူ့ဘ၀၏ ငြီးငွေ့ဖွယ် ဖြစ်စဉ်များ၏တဖက်တွင်
အသက်ရှင်လိုမှုထက်ပိုသောအရာများရှိ၏
မရှိချင်လည်းမရှိ။

ငှဲ့လက်စ ဘီယာတခွက်လောက်မှ
မစည်ကားသည့် ညနေများအကြောင်း
အခါတပါးက ပစ်ချခဲ့ဖူးသည့် ငှက်တကောင်အား ပြန်လည် ဖောက်သည်ချချင်မိ၏။
ထိုငှက်က ငိုလျှက် မတောင်းပန်ခဲ့သည်ကိုလည်း အမှတ်ရမိ၏။

ပင်ပန်း၏
လွမ်း၏
ငြီးငြူမိ၏။

ငြီးငြူမိသည်ကို ငြီးငြူမိ၏။

မီးအပူထိသည်ကို မငြီးငြူခဲ့သော
ဖင်တုံးလုံးနှင့် ငှက်ကို မြိန်ရှက်စွာစားခဲ့ဖူး၏။

ထိုငှက်ကိုပြန်သတိရမိ၏။
ကျင်ငယ်ဖြင့် ကျကျနန ပန်းခဲ့ဖူးသော ပုရွက်ဆိတ်အုံကို လည်းသတိရမိ၏။

ပထမဦးဆုံး ရည်ရွယ်ချက်ဖြင့် ပြောင်ဖူးသော ထိပ်အား
ညစာများစွာဖြင့် လဲ ယူခဲ့ရသည်ကိုလည်းသတိရမိ၏။

ပက်လက်ကုလားထိုင်လေးပေါ်သက်သက်သာသာ ထိုင်လိုက်မိ၏
မသက်မသာ လေးပင်မှုများက ရင်ထဲဝင်လျှက် တွန်းလှဲလိုက်ခြင်းဖြစ်ပြန်၏။

စီးကရက်တစ်ဖွာကို ဖွာ၏
ကပြာကယာကို အသာဆွဲဆန့် လိုက်ကာဖွာ၏
စလိုးမိုးရှင်းဖွာ၏
စိတ်ပြတင်းပေါက်ကို မှေးစင်း ဖြေးလေးစွာပိတ်လိုက်၏။

လည်တိုင်နှင့် ရင်သားစပ်ကြား ပြာသားများကြွေ၏
တခါက ထို လည်တိုင်နှင့် ရင်သားစပ်ကြား
နှုတ်သီးကောင်းလျှာပါးတစ်ခု သို့ မဟုတ် နှစ်ခု
သို့ မဟုတ်အခုပေါင်း မနည်းမများ ခရီးသွားဖူး၏။

ယခုအခါ တယောက်သောသူကို
တည်တည်ကြည်ကြည်လွမ်း၏

မျက်လုံးအစုံအား မှေးစင်းစွာပြန်ဖွင့်ဖြစ်သောအခါ
စင်္ကြ၀ဠာကို ငုံ့ကြည့်မိသားဖြစ်၏။
စင်္ကြ၀ဠာထဲတွင် ကြယ်ကလေးများ ပေါလောမျောနေဆဲဖြစ်၏
ိထိုကြယ်ကလေးများအား
မည်သူမျှမကောက်ယူ ....
ကောက်ယူစရာလည်းမလို
ထိုသို့ဖြင့် မျိုးဆက်ပေါင်းများစွာ ညကိုတန်ဆာဆင်ခဲ့ကြ၏။

တချိန်တွင် ထိုကြယ်ရောင်အောက်
ထိုလရောင်အောက် ထို မိုးစက်မှုန်တို့အောက်တွင်
တယောက်ထဲ ငေးမောရင်း
သီချင်းမဆိုတတ်တော့သော လူတယောက်က
ညပေါင်းများစွာ...........................



ငြိမ်းဇေဦး

(အင်မတန် စိတ်ပင်ပန်းဖွယ် စားဝတ်နေရေးကိစ္စများဖြင့် ကဗျာမရေးဖြစ်ခဲ့သည်မှာကြာပြီဖြစ်၍ထိုးအံလိုက်မိ၏)









Thursday, September 3, 2009

နမ်းချင်တယ်





ဘ၀ဆိုတာ နောင်တ နဲ့အပေါင်ဆုံးထားတဲ့
ဖြစ်စဉ် ဖြစ်ဖြစ်သွားတတ်တယ်....။

နှစ်ခြင်းပေါက် မေ့ နိုင်ခြေရှိတဲ့စိတ်ဓါတ် အင်အားတွေ ငါ့မှာ
ဘယ်တုန်းကမှ မရှိခဲ့ပါဘူး



အချိန်ရဲ့ဝါးမျိုမှု ကို ငါးရိုးလို ကန့် လန့် ခံပြီး နေပစ်ချင်တယ်

လက်လျော့မှုတွေနဲ့ နောက်ဆုံးမိနစ်မှာ...
သင်္ခါရကို အနိုင်ပိုင်းဖို့  ဖော်မြူလာကောင်းကောင်းနဲ့
သေခြင်းတရားကို ဘုရားသခင်က လက်ဆောင်ပေးခဲ့တာပေါ့...

အဲလို မှတ်ယူချင်လဲယူ လို့
ခပ်ညံ့ညံ့ တာဝန်မဲ့မှုတွေနဲ့ ဘာသာတရား တစ်ခုကို
ပစ် ထူ ထောင် ရတော့မလိုလို....

ရှိပြီးသား အုပ်တွေထဲပဲ ခပ်ရဲရဲတိုးပြီး
အရှက်မရှိတဲ့မျက်နှာနဲ့  သက်သေခံခြင်းပဲ
ပေါကြောင်ကြောင် ထလုပ်ရတော့မလိုလို...။

သင်္ခါရကို အလစ်အငိုက်ယူ ခြုံခို တိုက်ခိုက်ဖို့
ခရီးသည်တင် တောကားတစ်စီးကို ဓားပြ တိုက်သလို
လမ်းပေါ် သစ်ပင်လှဲ ပြီး
ဟောဒီ စင်္ကြ၀ဠာ ကြီးကို ယာယီ ရပ်တံ့ ခိုင်းလိုက်နိုင်ချင်တယ်..။


ရှားပါးနုံနဲ့ခြင်း ကန္တာရထဲမှာ
တို့ က ရေငတ်သူပါ ဘေဘီရယ်
အဲဒီ လို အပျော့ ဆွဲလေးတွေနဲ့
ချစ်သူတွေအပေါ် ကုလားအုပ်တစ်ကောင် ဖြစ်ဖြစ်သွားတတ်တဲ့
ကံကြမ္မာ အကျိုးပေးနဲ့
မိုးအေးပြီဆို စီးစီးပိုင်ပိုင် ခွပြီး ဖက်ထားချင်တုန်း...။

ဇိမ်ပဲ အချစ်ရယ် လို့
အပျင်းကြီးကြီးနဲ့ နွားသိုးကြိုးပြတ် မှတ်ချက်ချဖြစ်တဲ့
ဆောင်းညတွေပြန်လာတော့မယ်...........။

အချိန်တွေဟာ ငြိမ်နေတာမဟုတ်ဘူး
စိတ်ကူးတွေကလဲ သူ့ ဒူး သူ ရေစွတ်ခုန်ခဲ့လို့ 
ခုဆို ရွေ့ ရွေ့ ပြောင်းလဲဖြစ်စဉ်နဲ့ အတောင် ပံတွေတောင် ပိုင်ဆိုင်နေခဲ့ပြီ။

နိစ္စဒူဝ ဆန်တဲ့ ကိစ္စဟူသမျှကို ပင်စင်ပေးလိုက်ပြီ
နေချင်သလိုနေမယ် ၊ စားချင်သလိုစားမယ်
သွားချင်ရာသွားမယ်
တကယ်တော့ လူဆိုတာ ဆင်ခြေတခု နဲ့
အဆင်ပြေမှုတွေကို မဖြစ်ဖြစ်အောင်ဖန်တီးယူတတ်တဲ့
အဆင့်မြင့် အရိုင်းအစိုင်းသတ္တ၀ါ ပါလို့
အကြောင်းပြချက်တစ်ခုကို အောင်မြင်စွာဖန်တီးယူခဲ့ပြန်ပြီ။

ဒီမှာ.........
ငါဟာ ဒဏ္ဍာရီ ထဲမှာ ဘယ်တော့မှမပါတဲ့
လူကြမ်း
သို့ မဟုတ် မင်းသား
သို့ မဟုတ် ဥယျာဉ်တစ်ခု
သို့ မဟုတ် နှင်းဆီတပွင့်
သို့ မဟုတ် ပုလဲတစ်ကုံး
သို့မဟုတ် ၀ိုင်တစ်ခွက်
သို့ မဟုတ် ညစာစားပွဲတစ်ခု
သို့ မဟုတ် အကခန်းမနံရံက ဆီမီးရောင်
သို့ မဟုတ် ပိုးဖဲ မွေ့ ရာ
သို့မဟုတ် မဟာ ဧကရာဇ်
သို့ မဟုတ် ကျောက်ဖျာတစ်ချပ်
သို့ မဟုတ် ဓားတစ်လက်
မြှားတစင်း ၊ သီချင်းတပုဒ်
မြင်းတအုပ်ဆွဲတဲ့  ရထားလုံး
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်....
အားလုံးကို ပြုံးပြီး အဆုံးခရီးအထိ သိပ်ချစ်သူရဲ့
နှုတ်ခမ်းကို လွမ်းစရာမလိုပဲ နမ်းချင်တယ်............။




ငြိမ်းဇေဦး

Friday, August 21, 2009

အမှတ်တမဲ့ ၏ သရော် ပြုံး

အမှတ်တမဲ့နဲ့
ဖြတ်ခဲ့တဲ့ခရီးပေါင်း များပြီ....
နည်းနည်းပါးပါးများ...ဂရုထားခဲ့ရင်တောင်
ဇနီးကောင်း နုထွား ခပ်ရှားရှားလေး..
အေးအေးဆေးဆေး ခရီးမများပဲ ရ...
အဆင်တွေပြေ....
ဘုစု ခရု တွေထွန်းကား...
ထင်ထားတာထက်ပို ထွန်းကား...
မဟား ဒယား ကို ထွန်းကား...
စိတ်တွေဘာတွေလဲ တဖွားဖွား ညစ်ပေါ့.....။


ကျုပ်က ဘယ်တော့မှ အရွယ်မရောက်
နှစ်ဆယ်လောက် ပဲ ထင်တဲ့ စိတ်နဲ့
မှင်နဲ့အိပ် နေတာ ဇရာဆိုတာ
နားစမ်းပါ ပေါ့...........။


ဟိုမှာ ..ဒီမှာ..
ငိုစရာ..ရီစရာ
ညိုပြာရီ..ကညာများတွေ့လို့ကတော့
ကို ဟာ ဒီမှာ...ဆိုကာ ပလီကာ...
ဂစ်တာသံပေး..
မယ်ဒိုလင်သံပေး..
ဘာတူရိယာမှ မရှိဘူးဆိုရင်တောင် လေချွန်သံပေးလို့
ဟန်ရေးတွေက အပြတ်ပြချင်တုန်း........။

မည်ကာမတ္တမဟုတ်တဲ့
မြတ်နိုးမှုတွေနော်..
ပေါ့သေးသေးမဟုတ်တဲ့
မေတ္တာတရားတွေနော်
ထမင်းထုပ် နဲ့ လိုက်ရှာ
သိုးသွားမယ်နော် ....

အဲဒီလို....
ကြေငြာအားကောင်းကောင်းနဲ့
ခါးညောင်းအောင် ရပ်အော်နေတဲ့
မီးပွိုင့်လမ်းဆုံက ဂျာနယ် အရောင်းသမားတစ်ယောက်လို
ကိုယ့်ကိုယ် ကိုယ် ဈေး ဆွဲဆွဲတင်နေရတာတောင်
အမှတ်တမဲ့နေတုန်း...။

အမှတ်တမဲ့နေတုန်း.....
မချိပြုံး ဟာ ၀ုန်းဆို မျက်နှာသစ်ကန်ရှေ့ က
မှန် ထဲ ခုန်ဝင် ...
ငါ့ကို မချိုမချဉ်ပြန်ကြည့်လို့
ငိုင် မိတဲ့မနက်............။



ငြိမ်းဇေဦး

Sunday, August 9, 2009

လာခြွေလှည့်တော့......

ငါက လွမ်းတတ်တဲ့ကောင်ဟဲ့
ဇီဇာကလဲကြောင်ရဲ့.........။

ငါက ဘာမှမပိုင်တဲ့ကောင်ဟဲ့
ခပ်ငေါင်ငေါင်ငေးလို့ နင့်ကို ပြေးပြေးဖက်ချင်ယုံ.........။

ဒီမယ်ဟေ့....
ဒီဇင်ဘာ လမ်းလျှောက်ပွဲတွေကို
ကောက်ညှင်းပေါင်း မက်လို့ ငါက ထလျှောက်ခဲ့တဲ့ကောင်..။

ကျောင်းပေါင်းစုံဘောလုံးပွဲမှာ
တခါပဲ ဒိုင်လူကြီး လူညစ်ကို ပြေးကန်ခဲ့ဖူးတဲ့ ဂိုးသမား ...
ဒါကလဲ ရိုးရိုးသားသားအဖြစ်ပါ
အပြစ်တင်ဖို့ တော့မရှိဘူး......။

ငါရေချိုးပျင်းတာလဲ အဘိဓမ္မာနဲ့
ဒီမယ်... သန့်ပြီးသားသူတွေ လေ....
ရေချိုးဖို့ လိုသေးရဲ့လား... အဲသလိုဆင်ခြေနဲ့....။

ဒီနေ့ ငါ့ဆံပင်တွေကြားမှာ
ထင်ရှားလာတဲ့ အဖြူတစကို
ဘယ်သူမှ မသိခင် နှုတ်ပစ်ချင် စိတ်မှာ
ရင်ခုန်သံတဒိတ်ဒိတ် ကပ်ပါလာတာများ
ပထမဆုံး နှုတ်ခမ်းလှလှ ဣထိယကို
ခွ နမ်းရသလိုမျိုး
ဟိုး..ဟိုး..ဟိုး...
ဒါပေမယ့် အဲဒီနှုတ်ခမ်းဟာ ပဲဆီဆမ်းထားတဲ့ ငပိဖုတ် လောက်ပါ
နင့်တော့ဘယ်မှီလိမ့်မလဲဟာ.............။

ဒီမှာ .. ဒီမှာ..
ပြန်လာပါတော့.........။

ငါ က နင့်ကို လွမ်းတယ်
နင်က ငါ့ကိုလွမ်းတယ်
အလွမ်းနှစ်ခု က စခန်းတစ်ခုမှာတော့ ဆိုက်ပြီဟ...။

အဲဒီစခန်းမှာ
ငါက ဂျင်းဘောင်းဘီ ၀တ်လာတယ်
နင်က ဂါဝန် တထည် ၀တ်လာတယ်

ငါ က စွပ်ကျယ် ဖြူတစ်ထည် ကြားက
ငါ့ရင်အုပ်ထွားထွားကို
ဘဲ များ တီကောင် ဆိတ်သလို စွင့်ထားမယ်

နင်က ငါ့ နှတ်ခမ်းကို စံပါယ်ပွင့်တွေလို နင့်နှုတ်ခမ်းလေးနဲ့ခြွေလိုက်
ငါက နှင်းဆီပွင့်တွေ ဖူးသလို အရူးအမူး ငုံထားမယ်..။

ဒီမှာအချစ်ရေ
ငါက လွမ်းတတ်တဲ့ကောင် ဟဲ့
လာခြွေလှည့်တော့............။

ငြိမ်းဇေဦး






Friday, July 17, 2009

ရေလည် လွမ်း၏

ဆေးဝါးကုသဖို့ မလွယ်ကူတဲ့နာမကျန်းခြင်းတွေနဲ့
စိတ်ရဲ့အနာတွေ ...
အဲဒီစိတ်ရဲ့အနာတွေကြောင့်
အိပ်မက်တောင် ပြည်တည်လို့
ညမအိပ်ခြင်းတွေနဲ့ ဖောက်ဖောက်ထုတ်ခဲ့ရ...............။

အရက်ပုလင်းခွံမှာ အသာကပ်ပြီး
ဒုတ်တချောင်းနဲ့ စတိုင်အပြည့်
ခရီးမတွင်ပဲ လမ်းလျှောက်နေ တဲ့ကောင် က မှ
ကိုယ့်ထက် စမတ်ကျ နေသေး....။

သွေးမဆူတတ်တော့တာလား
ခန်းခြောက်သွားတာလား သိပ်တော့မကွဲပြားဘူး
ပြောစမ်းပါဦး ကိုဂျော်နီ ဆိုတဲ့ကောင်ရေ..
ရင်ခေါင်းထဲပူဆင်းသွားလိုက်တိုင်း
ချစ်သူ့ ရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ
အဲသလို အဲသလို လက်ဖြောက်လေးတီးတီးပြီး
ထထအော် နေရင်းနဲ့ပဲ
သံသရာကိုဆွဲဆွဲဆန့် ခဲ့...။


ဘ၀ကိုရေခဲရိုက်ပစ်လိုက်တာကြာတော့
နှလုံးသားကို ပြန်ပြန်နှိုးဖို့  အဖိုးနဲဖီလင်ရည်တွေ
ကိုယ့်ကိုယ်ကိုယ် ချို့ ချို့ တဲ့တဲ့ ဆက်ကပ်ရင်းနဲ့
သမမျှတအောင် အားထုတ်ရ.............။

အကောင်းဆုံးပဲ ...
အကောင်းဆုံးပဲ...
ချစ်သူကိုလွမ်းလွန်လွန်းလို့
စာအိတ်ထဲ ကိုယ့်ဟာကိုယ်ခွေခေါက်ထည့်ပိတ်
အနီးဆုံးစာတိုက်မှာ ငါလိုက်ပါရစေဆိုပြီး
ခပ်ဆိတ် ဆိတ်...
ငါ့ကိုယ်ငါပဲ ပို့ လိုက်ပါတော့ မယ်
ကဲ....လက်ခံတော့ဟာ..။



အဲဒါပေါ့ ဝေးကွာ ခြင်းကို
သီချင်းတပုဒ် ဖြစ်အောင်မဖန်တီးတတ်တဲ့ကောင်လို့
ထောင်နေတဲ့ပုလင်း ပေါ်က ကိုဂျော်နီက အော်ဟစ်ရယ်မော..............။


ငြိမ်းဇေဦး



Thursday, June 18, 2009

မထူးဆန်းတဲ့သတ္တ၀ါ

လူ့ အဖြစ်ကို ရလို့ နေတယ်............။
အကောင်းဆုံးဖြစ်အောင် ....
လူပုံအလည်မှာ
ခိုင်ခိုင်မတ်မတ်ရပ်နိုင်အောင်ကြိုးစားခဲ့ရတယ်။

ကိုယ့်အိပ်ယာကိုယ်ပြင်
ကိုယ့် ညစာ ကိုယ် ချက်လို့ 
ဘ၀ကို ပက်ပက်စက်စက် ခုံမင်ကြည့်ခဲ့ရတယ်....။

ဒီနေ့.................ဘာကိုမှမလိုချင်ဘူး.........................။

စမ်းချောင်းလေးတစ်စင်း
တောင်တန်း တခု ..
လေပြေတပွေ့ ..............
မြက်ရိုင်း ရှရှတွေရဲ့ သင်းရနံ့ နဲ့....
တောင်ယာဆန် .........
ပဲပုတ် ကင် တစ်ချပ်...........
ငြုတ်သီးစိမ်း လေးငါးတောင့်............
ဒီည အဲဒါတွေရမယ်ဆို ................
ငါ့တောင်ယာမှာငါ
ဖြောင့်အောင်အိပ်နိုင်မှာ.....ကျိန်းသေရဲ့ကွယ်......။

ငြိမ်းဇေဦး

Wednesday, June 10, 2009

ဓါးကိုင်ရခြင်းအကြောင်း


ဆင်ဖမ်းမှာလား
သွား..သွား..သွား..
ကျားဖမ်းမှာလား...
သွား..သွား....သွား...

ဟောဒီမှာ
ပုဆိုးကိုခြုံ ကွမ်းကိုငုံလျှက်
ဓါးမကိုသွေး အားကိုမွေးကာ
ငါလာခဲ့ပြီ ၀က်ပေါ်ဖို့ ............။


ငြိမ်းဇေဦး

Tuesday, June 9, 2009

မြို့ ဘ၀ကိုစွန့် ခွာချင်တဲ့ရန်ကုန်

ခုဆို ရန်ကုန်ဟာ နှစ်နာရီအတွင်း
ပင်လယ်ပြင်ဖြစ်ဖြစ် သွားတတ်တဲ့
ခုတမျိုးတော်ကြာတမျိုး စရိုက်တွေနဲ့..........။

သူ့ ဗိုက်ပေါ်မှာ
အဆီတထပ်အသားတထပ် ဗိုက်ပေါ်မှာ
စားကောင်းသောက်ဖွယ်တွေနဲ့ စားပိုးနင့်နေတဲ့ အဲဒီဗိုက်ပေါ်မှာ
နှဲသမား ပါးစပ်လို ကြွက်သားအားတွေကကောင်း
အနိမ့်အမြင့်အချွဲအချိုတွေနဲ့ အကဲက ပိုပိုပြတဲ့
ဇာတ်ရံတွေ မင်းသားတွေ ကလဲ ထွန်းကား......။

ထူးခြားချက်ကတော့
ကိုယ်ပြောသမျှ ကိုယ်မယုံတဲ့နေရာမှာ
အကုန်လုံးက ပထမဆုရ......။

ခုထိ
မရိုးနိုင်တဲ့ ပုံပြင်ဟောင်းကတော့
ပါးစပ် အံကတ်ငုံရင်း
စင်ပေါ်က ကို မဆင်းတဲ့ကိစ္စတွေကလဲရှိ..........။

ခက်တာက တက်လာမယ့်သူမှန်သမျှ
ကြိုးတုတ် ထုထောင်း
မရိုးနိုင်တဲ့ချန်ပီယံ ဟောင်းကြီးတွေနဲ့
ရန်ကုန်ဟာ
မိုးသည်းညတွေမှာ
ထထငြီးတယ်
ဒို့ အဖြစ်က မြို့မဖြစ်ချင်တော့ဘူး ကိုရင်ရေ....
ပင်လယ်ကြီးပဲဖြစ်ချင်ပါတော့တယ် တဲ့.......။

ပင်လယ်ပေါ်မှာ
ဘယ်လို လှလှပပ နစ်မြုပ်ကြမယ်ဆိုတာလဲ
ရန်ကုန်သူ ရန်ကုန်သားတွေက ယဉ် ပါး နေသားကကျခဲ့ပြီ ဆိုတော့ကာ...။

တကယ်တော့ ရန်ကုန်ဟာ အကြံကုန်ချင်ယောင်ဆောင်နေတဲ့
မြို့ ကြီးတမြို့လို့ပဲ ငေးလိုက်မိပါတယ်.....


ကိုယ့် ခန္ဓာကိုယ်ငုံလို့  ....
နေခဲ့တော့ရန်ကုန် ရေ ..........။

ငြိမ်းဇေဦး

Friday, June 5, 2009

ရွှေ ... ဆိုတဲ့ရွှေ

ဒို့ လူမျိုးတွေက 
ရွှေမှ ရွှေ ....
လောက်တက်နေနေ 
ရွှေ အဖြစ်က တပြားသားမှမလျှော့
ရွှေမှ ရွှေ ပဲ 
နားထားတော့.........။

အမှန်ဆိုရင်.....

 မျိုးဆက် တခုကို မျိုးဆက်တခုက
 ပေးခဲ့စရာ  
 အကြွေးနဲ့ အနာတွေပဲရှိတဲ့ ဘ၀။

ယုံကြည်ကြောင်း ကို 
လုံခြည်အဟောင်းထဲကလက်သီးပုန်းပြ
တိတ်တိတ်ဆိတ်ဆိတ် ရုန်းကြွ ရတဲ့ ဘ၀။

ကံကြမ္မာကို ဒဏ်ရာတွေနဲ့ငြမ်းဆင်လို့
ကျွမ်းကျင်လိမ်မာ ကြရတဲ့ ဘ၀။ 

နေတတ်သလိုနေ ရင်း 
နေတတ်သလို နေခြင်း ၀ိဇ္ဖာတွေက
အတိတ် ရွှေခေတ်မှာ 
အိပ်နေပစ်တာ အစစ်မှန်ဆုံးလမ်းကြောင်းတစ်ခုလို
စမြုံ့ ပြန် ပြနေကြတဲ့ ဘ၀။

ကယ်တင်ခြင်း ကြိုးတစကို 
အစိုးမရစွာ မျှော်လင့်လို့ ရော်ရင့်ကြရတဲ့ဘ၀။

ငရဲအိုးထဲ ဆွဲကြိုးဆွဲ သူကဆွဲ
ဒုက္ခ ကပ်ဘေးနဲ့ရှင်သန်နေယုံလေးမှာ
လှုပ်ရွ တတ်သေးတဲ့ အကြောအချဉ်တွေနဲ့
မျောချင်သူကမျော...........


သောကမြစ်မှာ မျောသမျှအဖြစ်တွေထဲ
လောဘအသစ်တွေ ထွန်းကား လာ လိုလာ .........

ဒီမှာ....
ဆိုချင်တာဆိုပြောချင်တာပြော..........
အကြွေးနဲ့အနာ ပေးခဲ့တာကိုတောင် 
နောင်မျိုးဆက်က ကျေးဇူးတင်ရမယ့် အလုံးတွေနဲ့
ကိုယ်ရွှေ ကိုယ်မျိုးတွေက ပြုံးပြုံးကြီး မင်္ဂလာယူသေးရဲ့..........။




ငြိမ်းဇေဦး


Wednesday, June 3, 2009

ကျောရိုးမဲ့သတ္တ၀ါများ၏

ကျောရိုးတွေ...
ကျောရိုးတွေ....
ဆွဲထုတ်ခံလိုက်ရသလား
အပေါင်ဆုံးခဲ့သလား
အကြွေးနဲ့အသိမ်းခံလိုက်ရသလား
ခန္ဓာဗေဒသဘောအရ မလိုအပ်ကြတော့လို့ လား......။


သက်သာသလိုနေ နေကြတာပါ
ကိုယ့်ဆရာ.....

ကျောရိုးမဲ့သွေးအေးသတ္တ၀ါ
ရရ စား စား တွင်းအောင်းသွားကြတာပါ
ကိုယ့်ဆရာ.....။

အိမ်တွေအကုန်လုံး ကျဉ်းမြောင်းတဲ့
တွင်းဟောင်းတွေဖြစ်သွား...

လမ်းတလျှောက်မှာ ဗိုက်မှောက်တွားသွားသူတွေ
ပြည့်ကျပ်.......

မြို့ လည်က ဖြတ်သွားတဲ့ရထားကတော့
တဖွဖွအတည်ပြုနေတယ်....
သူ့ ကိုယ်သူ
တကယ့်သူ့ ကိုယ်သူပါ
သူဟာ အဲဒီမှာအကြီးမားဆုံး တွားသွားသတ္တ၀ါ ပါတဲ့ ။

ကျောရိုးမဲ့တွေ တွားတက်
ကျောရိုးမဲ့တွေ တွားဆင်း
ကျောရိုးမဲ့တွေနဲ့ တည်ဆောက်ထားတဲ့ မြို့ သေးမြို့ သိမ်တွေ
ကျောရိုးမဲ့ တွေနဲ့  ပြည့်ကျပ်နေတဲ့ မြို့ အို မြို့ ဟောင်းတွေ
ကျောရိုးမဲ့တွေနဲ့ ပျားပန်းခတ်နေတဲ့ လမ်းအိုကြီးတွေ
အဲဒီတိုင်းပြည်ကြီးကိုယ်တိုင်က ကျောရိုးမဲ့
သူ့ ဖြစ်တည်မှုသူ
တစ စ ခေါက်သိမ်းခဲ့ပြီလေ........။

တချိန်မှာ
ကမ္ဘာဟာ သူ့ အရေပြားပေါ်က ယားနာကွက် ကလေး ကို
တသသ ကုတ်ရင်း လူသားတွေရဲ့ သမိုင်း သင်ခန်းစာတွေကို
ထုတ်ထုတ်ပြတိုင်း အဲဒီရာဇ၀င်ရိုင်းရတဲ့ နေရာမှာ
ကျောရိုးမဲ့သတ္တ၀ါတွေနေခဲ့ကြောင်း..........
ကောင်းကောင်း ဖောက်သည်ချတော့မှာ........။


ငြိမ်းဇေဦး

Tuesday, June 2, 2009

ချောတိုင်



အဲဒီ ည ကလပ်မှာ
ပြိုင်ဖက်ရှိလို့ 
တိုင်ဖက်မိကြသူတွေ မပါဘူး။

ညစာကို
ဘ၀အနာနဲ့လဲနေကြရတာ
လာပါအကို ....
အကို့ မယားမသိအောင်
နို့ကြားအထိ အဲဒီ ငွေစက္ကူလိပ်တွေထည့်လှည့်ပါ။

ပစ်မှားခြင်းဈေးကွက်တစ်ခုကို
လူ့ ယဉ်ကျေးမှုက
အခိုင်အမာထူထောင်ခဲ့ပြီးပြီ ....

လာပါ.... ဒီမှာ လိုသလိုပစ်မှား
ချစ်သွားမှာလဲမကြောက်နဲ့
ပစ်သွားမှာလဲမကြောက်နဲ့ .........။

တက်ကနို တီးလုံးတွေနဲ့
ခရီးအဆုံးထိ လိုက်မှ
မသကာ ညသုံးနာရီပေါ့.....။

ဘီယာတွေ မအီမသာစုပ်မနေနဲ့
ဒီမှာ နိုင်ကွက်မရှိလို့
တိုင်ဖက်မိသူတွေ ရှိတယ်အကို
လိုသလိုသုံး
တညလုံးမှ နှစ်ပြားတပဲ
စကားလဲမရှုပ် အမှားလဲမလုပ်
သဘောလဲ မယိုင်
ကျမတို့ က ချောတိုင်ပါအကို..........။



တကတည်း....
တိုင်ဖက်နေရတဲ့ ချောတိုင်တွေမှာ
ချောတိုင်တက်သူတွေတိုးဝှေ့ လို့
ချောတိုင်တွေဟာ ချောတိုင်အတက်ခံရင်း
ချောတိုင်တွေ လျှောလျှောကျ ရ တဲ့
ချောတိုင်တက်ပွဲတွေ
လျှောလျှောရှူရှူ စည်ကားလွန်းလှသပေါ့..........။


ငြိမ်းဇေဦး

Monday, June 1, 2009

ရွက်ကြွေ ၏ ဒဏ္ဍာရီ

 ရစ်ဝဲ ရွက်ကြွေ 
မြောက်လေ အနော့
 ကိုယ်ဖော့ ကစား
 ပျံသန်း သွား သို့ ။

မြေခ လျှောတိုက်
မောဟိုက်လွင့်မျော
လေစည်းကြောမှာ
ဝေးလွန်းရာ ဆီ...။

ကြွေရွက်ဆိုတာ 
လေသက်ရာနှင် 
မငြိုငြင်တတ်
လွမ်းတတ်လျှင်လည်း
 သူပဲသိမည်....
 ဒဏ္ဍာရီ......။

ငြိမ်းဇေဦး

Sunday, May 31, 2009

ဘယ်သူလဲ...

ဘိုင်စကုတ်လက်မှတ် တန်းစီတိုးဖူးလို့လား
စတိတ်ရှိုးရှေ့ ပုဆိုးကွင်းသိုင်းပြီး ကိုကြီးကျော်အကွက်နဲ့ 
နတ်ကတော်လို ကဖူးလို့လား

စက်ဘီးဘားတန်းပေါ်မှာ ကောင်မလေးတယောက်ကို
တင်စီးဖူးလို့လား

တမာပွင့်တွေ ဝေ့ကနဲကြွေ
လေအေးတဖြိုက် တိုက်
လမိုက်ညတွေမှာ ဂစ်တာဝိုင်းဖွဲ့ တီးဖူးလို့လား

ဘယ်ဟင်းအိုးကိုမှ အားမနာတတ်တဲ့
အမဲရိုးဖြစ်ဖူးလို့လား...။

အဲဒီမှာ ငြင်းစရာစတာပဲ
ကဲ...အမဲရိုးကို ဟင်းအိုးထဲထည့်တာ ဘယ်သူလဲ.......
ဘယ်သူလဲ............။

ငြိမ်းဇေဦး

Tuesday, May 26, 2009

အလင်းမဲ့ နိုင်ငံ


အရိပ်တွေ ထူပျစ်လှချည်ရဲ့
ထို ညနေများ .........။

မှောင်လာလေ
အရိပ်မဲ့လေ
စိတ် ဖြစ်စဉ်တွေက
တကြောင်းဆွဲပန်းချီကားလို.............။

ဘ၀တွေကို အကျနဆုံး
ဆင်မြန်း တတ်ခြင်း သင်္ခန်းစာ အတွက်
အသက်ရှုဖို့ မေ့ နေခဲ့ကြတာ..............။

ဝေဒနာအသစ်တွေအတွက်
နေရာတဆစ်တောင် မကျန်နိုင်တော့တဲ့
ပြည့်ကျပ်ကျပ် ရင်ဘတ်တွေပေါ့
သော့သော့ပြီးရှိုက်ဖို .............။


ညအိုပြီ အကိုရယ်
ဘယ်လိုဈေးဖြတ်မလဲ
တခါထဲ လား ညလုံးပေါက်လား
အမှောင်သားတွေပြိုပြိုကျ..............။


အတ္တဟာ ပါးစပ်ဝအတွက်ပဲ ကျန်တော့ရဲ့....

ရှင်သန်ခြင်းတဖဲ့ လေးကို
အရှက်နဲ့ ထုတ်ပိုး
မိုးချုပ်လဲမိုးချုပ် နံနက်ခင်းလဲမိုးချုပ်
နေ့ခင်း လဲ မိုးချုပ် နေ၀င်လဲမိုးချုပ်
ခုတော့.....
အမှောင်ထု အုပ် နေတဲ့  နယ်နိမိတ်လေ
အရိပ်တွေကင်းမဲ့လို့
အဲဒီအလင်းမဲ့နိုင်ငံမှာ............။

ငြိမ်းဇေဦး

Tuesday, March 31, 2009

အေဒီ နှစ်ထောင့်တစ်ဆယ်

အလျော် အစားကတော့
အနာဂတ်နဲ့ ၀ိဥာဉ်ပဲ.....။

ငြိမ်ပေမယ့်
လိမ်နေတဲ့ကောင်

ယုတ်ပေမယ့်
ဟုတ်နေတဲ့ကောင်

ညာပေမယ့်
သာနေတဲ့ ကောင်

ထူပေမယ့်
အူနေတဲ့ကောင်

ကြံပေမယ့်
မဟန်လေတဲ့ကောင်

ပုပ်ပေမယ့်
မြုပ်မနေတဲ့ကောင်



ဟောဒီဂျင်ဝိုင်းမှာ
ကြိုက်ရာကိုထိုး
သောက်ကျိုးနည်း
ခြောက်မျိုးထဲ.....။


ငြိမ်းဇေဦး

Monday, March 30, 2009

လျှော့ကြိုး

သံစဉ်တွေ မဖြစ်လာတော့ဘူး
ဟောင်းနွမ်း ဂစ်တာကြိုးတစ်ချောင်းလိုလည်း
ထောင်းကနဲ ပြတ်သွားစရာ မလိုတော့ဘူး.....။

သွေးအေးသတ္တ၀ါတွေဖြစ်ဖြစ်သွား
တွားသွားသတ္တ၀ါတွေဖြစ်ဖြစ်လာ
အမှောင်ဆုံးတွင်းတွေထဲဝင်ဝင်အောင်း
အသေချာဆုံး သားကောင်တွေကို မြိုမြိုချ
တ၀အိပ် တ၀မြို လိုအပ်ရင်အရေခွံပြောင်း
ဘ၀အဟောင်းကြီးထဲက
အသွင်ပြောင်းလျှော့ကြိုးတွေလေ
ခွေနေလိုက်ကြတာ..............
သေသွားတဲ့အိပ်မက်တွေမျောနေတဲ့ 
မျှော်လင့်ခြင်းမြစ် ရဲ့ ကမ်းပါးမှာ
ဟိုတုန်းကတော့ ဂစ်တာကြိုးတွေပါလို့
တခါတခါ... ထ...ထ...
တွန်သံကပေးသေး.........။


ငြိမ်းဇေဦး

Sunday, March 29, 2009

ဝီ....ခေါ်နေပေတော့၏


ဝါသနာအရပါ....
လိုရာဆွဲယူကြတာပေါ့
ဒို့တွေ ကိုယ့်ဘ၀ကိုယ် ဆင်စီးမြင်းရံကြတာပေါ့
ဒို့တွေ ကြီးမြတ်မှုတွေကို ချီးမွန်းခန်းဖွင့်ရင်း
ခန့် ခန့်ကြီး ကြံမှီစုတ်ကြတာပေါ့
အလေးစားခံချင်မှု လော်ကယ်ရထား တစင်းစာနဲ့
နည်းများနည်းနေသေးလားလို့....။

အကျင့်ပါနေလို့ ပါ
ဒီမှာတင် ဇွတ် မှီငြမ်းတော့တာပဲ
ဇွတ် အတိုချုန်းတင်ပြတော့တာပဲ
လှေကြုံထဲမှာ ဇွတ် ပွဲတော်တည်ကြတော့တာပဲ
မလုံမလဲ လိပ်ပြာနဲ့ ကိုယ်လိုရာကိုယ် ဇွတ် ဆွဲတော့တာပဲ
ဇွတ်...ချည်ပဲပေါ့ ဇွတ်ပဲ....
ဇွတ်ဆိုမှဇွတ်ပဲ
အဟက်..ဟက် ဟဲ တောင် ရယ်လိုက်သေး။

ဖြစ်ရိုးဖြစ်စဉ်ပါ
တုံးပေ့ ညံ့ပေ့ ထုံပေ့
ရေပေါ်ဆီဖြစ်ပေ့ ရောင်လည်လည် အူကြောင်ကြောင်နိုင်ပေ့ဆိုတဲ့
ယင်ကောင် အကျိုးအကန်းတွေဟာလည်း
အုံတော့တာပဲ ၀ီခေါ်နေအောင်
ဝီခေါ်နေအောင်..။

ငြိမ်းဇေဦး

Wednesday, March 18, 2009

မျှော့ ကုထုံး

မျှော့တွေဖြစ်သွားကြပြီ
ထွားကြိုင်းပြည့်ဖြိုး နေကြ တာပေါ့
ထွားကြိုင်းပြည့်ဖြိုးဖို့ ကြိုးစားနေကြတာပေါ့

အသိဥာဏ်ရှိဖို့မလိုတော့ဘူး
သွေးနွေးသတ္တ၀ါတွေ ကုတ်ပိုးပေါ် ခုန်ချနိုင်ဖို့ ပဲလိုတယ်

သွေးနွေးသတ္တ၀ါတွေ ရဲ့
လစ် ဟာပေါက်ပြဲနေတဲ့
မရှိတော့တဲ့ ...
နွမ်းရိ စုတ်ပြတ်နေတဲ့ အကာအရံတွေကို
တွားတက် ..
ကုတ်ကပ်.....
သွေးစုတ်နိုင်ဖို့ အားကောင်းချက်ယူတတ်ဖို့ ပဲလိုတယ်

အဲဒီအတွက် ကျင့်ဝတ်တွေမလိုတော့ဘူး
အသိဥာဏ်မလိုတော့ဘူး
သွေးညှီနံ့ကို အာရုံခံတတ်ဖို့ ပဲလိုတယ်
ဒါကလဲ ဗီဇ အဖြစ် အဲဒီ မျိုးရိုး ဇီဝမှာ ထည့်သွင်းပေးလိုက်ခဲ့ပြီ။


အဲဒီမှာ .... အားလုံးဟာ မျှော့တွေပေါ်မျှော့တွေတွယ်လို့ 
မျှော့တွေပဲ မြင်နေရ
မျှော့သံတွေပဲကြားနေရ
မျှော့တွေ ပဲ လမ်းသလားနေကြ
မျှော့တွေပဲ ခမ်းနားနေကြ
မျှော့တွေပဲ အသံကောင်းဟစ်နေကြ
မျှော့တွေပဲ ရင်ကြားစေ့ နေကြ
မျှော့တွေပဲ မျက်လုံးလေးစင်း ခေါင်းကလေးငြိမ့်လို့  ဘေးတီးနေကြ
မျှော့တွေပဲ ပညာရှိ ယောင်ဆောင်ကြ
မျှော့တွေပဲ ရေဒီယို စကားထောက် ဧည့်ကြိုလုပ်ကြ
မျှော့တွေပဲ အရေးဆိုကြ
မျှော့တွေပဲ ခြေအေးဝမ်းယောင်လုပ်ကြ
မျှော့တွေပဲ ဗျူဟာခင်းကြ
မျှော့တွေပဲ စီမံကိန်းဆွဲကြ
မျှော့တွေပဲ ရှေ့ ကြို တွက်ကြ
မျှော့တွေပဲ လေသံပစ်ကြ
မျှော့တွေပဲ အတည်ပြုကြ
မျှော့တွေပဲ မြင်နေရတော့တဲ့ 
အဲဒီမျှော့ ထွေးကြီးဟာ ဧရာဝတီနဲ့သံလွင်တလွှား
ချင်းတွင်း ဒုဌ၀တီ တလွှား
ဘယ်သူမှ ပိုင်နက်သတ်မှတ်မထားတဲ့ လေထုတွေကြား
ဘယ်သူမှ ခြံစည်းရိုး ခတ်မထားတဲ့ နယ်ပါယ်တွေကြား
မျှော့တွေဟာ တာသွားလို့ 
မျှော့တွေကြားမှာ
မျှော့ကြမ်းမရှိဘူး

မျှော့မင်းသား
မျှော့သုခမိန်
မျှော့ဘုရင် မျှော့ဝန်ကြီး
မျှော့ ကျွမ်းကျင်သူ
မျှော့ပေါ်မျှော့ရောင်းသူ
မျှော့ ကဲခတ်သူ မျှော့ ထဲ မျှော့သွေးစမ်းသူ နဲ့
ဟော ကြည့်နေရင်းပဲ ..
မြင့်မြင့်မားမား မောက်မောက်မာမာ
မျှော့တွေဟာ မျှော့တွေပေါ် တွယ်လို့ 
မျှော့တွေ ဟာ မျှော့လို ကပ်နေကြတယ်
မျှော့တွေဟာ မျှော့အာမခံချက်နဲ့
သံပြိုင် တခွန်းပဲ
မျှော့သံ ပေးလိုက်တယ်
ကမ္ဘာကြီး တုန်ယင်တောင်သွားနိုင်ရဲ့
နေကောင်းသွားမှာ ပါ တဲ့.......................။

ငြိမ်းဇေဦး

နှိုးစက်မမြည်ခင် ဆယ်မိနစ်


.... နွေဦးရင်သားတွေဖူးပွင့်စပြုပြီ။

မနက်နေခြည်ခပ်ဖျော့ဖျော့ ဟာ ပြတင်းပေါက် ယင်းလိတ်ကြား က တဆင့် မျက်ခွံသားပါးပါးကို ကုတ်ခြစ် ဆွဲဟ နေတယ် ။

အိပ်ရာပေါ်မှာ ပက်လက်လှန်နေဆဲပဲ နဖူးနဲ့ မျက်ခုံး တန်းကြား ဆံစတွေအပေါ်မှာ လက်မနဲ့လက်ညှိုး စပ်နေတဲ့ ညာလက်ဖမိုးသား ကိုစောင်းတင်လိုက်ရင်း မျက်လုံး နှစ်စုံကို သစ်စေ့တစ်စေ့က အပင်ပေါက်ကလေးဟထွက်လာသလိုမျိုး ဖြေးဖြေး ပြီးတော့
ဆတ်ကနဲ ဖွင့်လိုက်တယ်။ ကလေးသူငယ်တယောက်က အင်မတန် သန်မာတဲ့လေးညှို့ ကိုဆွဲတင်ဖို့ ကြိုးစားပြီးမှ လက်လျှော့လိုက်သလိုမျိုး မျက်ခွံသားတွေဟာ တမင် ပြန်မှိတ်ကျသွားတယ်။
ပက်လက် ခြေဆန့် လက်ဆန့် ပြီးတော့ ငါးပေအကွာက အားကုန်ကန်သွင်းလိုက်တဲ့ဘောလုံး ဂိုးပိုက်ထဲ ကို ၀င်သွားပြီး လွန့် ပျံ လည်ပတ်ဝေ့၀ဲ ထွေးကနဲ ကျွံဝင်သွားသလို မျိုး ရှုသွင်းလိုက်တဲ့လေထုဟာဗိုက်သားနဲ့ ရင်ခေါင်းတခုလုံးကို ဖောင်းကနဲ
ရုတ်ချည်း ဖြည့်လိုက်တယ် ။ပြီးတော့ ထွက်ပေါက်မရှိတဲ့ မြုံးမိငါးတွေ လို အသက်အောင့်လိုက်တယ် ခနနေတော့ မိုး ဦး တာ ကျိုးသလို အရှိန်နဲ့အဟုန်နဲ့ ရှူထုတ်လိုက်တယ် လှောင်အိမ်တခါးဝက ပျံထွက်သွားတဲ့ငှက်တအုပ်လို။

သိသာတဲ့ ထိန်းချုပ် စေခိုင်းမှု မပါသလိုမျိုးဖြစ်စဉ်အားလုံးဟာအလိုအလျှောက်ဖြစ်နေသလို
တကယ့်ကိုအစစ်အမှန်အလိုအလျှောက်ဖြစ်နေသလို................
အစီအစဉ်တကျအလိုအလျှောက်ဖြစ်နေသလို....။

ခုထိ လည်ပတ်နေဆဲ နာရီ အဟောင်းလေး တစ်လုံးက ဖြူဖျော့ဖျော့ခပ်မျှင်မျှင် စက္ကန့် တံဟာ ကြေးဝါရောင်စက္ကန့် သတ်မှတ်ချက်အတုံးလေးတခုချင်းကို ငါးကြိမ်တိုင် ဖြတ်သန်းပြီးချိန်မှာ တဖြေးဖြေးချင်း လေဖြည့်ခံနေရတဲ့ လေမှုတ် ရုပ်လိုအိပ်ယာပေါ်ကထလိုက်တယ်။

အိပ်ယာခင်းကို ပြန့်အောင် ပြန်ဖြန့်နေတဲ့လက်တွေဟာလိပ်ပြာကူး ကူး နေတဲ့ ရေကူးသမားတယောက်ရဲ့လက်တွေလို ပျော့နေတဲ့ အိပ်ယာခင်းပေါ်မှာ။
အိပ်ယာခင်းရဲ့ ထောင့်စွန်းအစတွေကို သေသေချာချာ မွေ့ယာအောက်ပြန်လိပ်ထည့်နေတာက ဆေးသမားတယောက် မူးယစ်ဆေးထုတ်ကို ၀ှက်နေသလိုမျိုး။
အရိုးမပါတဲ့ခေါင်းအုံး နှစ်လုံးဟာ တလုံးကိုတလုံးထပ်လျှက်နဲ့ ဘယ်တော့မှ ပဋိသန္ဓေ ထွန်းကားမှာမဟုတ်တဲ့ ချစ်ခြင်းနဲ့ ဒီအိပ်ယာပေါ်မှာ အခန့်သားအိမ်ယာထူထောင်နေတယ်။
ပိုမိုတိကျ အောင် သေသေချာချာ ညှိပြီး ခေါင်းအုံးနှစ်လုံးကိုပြန်ထပ်လိုက်တယ် ပြီးတော့ ခေါင်းရင်း အလည်တည့်တည့်မှာ နေရာချလို့ ။

အပြာနုရောင်ခြုံစောင်ကို ဆွဲမပြီး မိုးရေအောက်မှာ နာရီပေါင်းများစွာ ခိုနားရာရှာရင်း နှာချေလိုက်တဲ့ လူတယောက်လို ဗြန်းကနဲ ခါလိုက် ပြီး လေးဘက် ညီ တိတိကျကျ ခေါက်လိုက်တယ်။
မျှော်မှန်းထားသလောက်မကောင်းတဲ့ ဟာသ ဇာတ်လမ်း ကို ဦးဦးဖျားဖျားကြည့်ရင်း စိတ်ပျက်မှုနဲ့ ပြန်ထွက်လာတဲ့  ပရိသတ် တဦးလို အိပ်ခန်းတံခါးကို ဖြေးဖြေးဆွဲဖွင့်လိုက်ပြီး ရေချိုးခန်းဆီကို ဦးတည်လိုက်တယ် စိုးရိမ်စရာ လမ်းပြ ပုလိပ်မရှိပေမယ့်
တကယ့်ကို သတိ အစဉ်ကပ်လို့  ။

အရပ်က ၀ိုင်းလိုက်တာ ခံရတဲ့ တခါဖူးမျှ မကျူးလွန်မိဖူးတဲ့ ၊ အကြံအစည်အစွမ်းအစတွေအကုန်
ခြောက်သွေ့ ညှိုးနွမ်း အောင်စုတ်ထုတ်ခံလိုက်ရတဲ့ ၊ သူခိုး တကောင်လို ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ၊ လေထဲမှာ ဝေ့၀ဲလာတဲ့ကြက်တောင်ကို ဖြတ်ကနဲရိုက်ချလိုက်တဲ့ အားကစားသမားလို ဇတ်ကနဲပြန်ပိတ်ပစ်လိုက်တယ် ။
မှောင်ကျသွားတယ်။
မီးမဖွင့်ဘူး ။
တကယ့်ကို မီးမဖွင့်ဘူး ။
ရည်းစားဦး က ပြတင်းပေါက်က ကျော်တက်လာပြီး အနမ်းခံအပွေ့ခံ အယုယခံလိုက်ရတဲ့အပျိုမလို ကို ပဲ
လုံးဝ မီးမဖွင့်ဘူး ။

မာကျောအေးစက်နေတဲ့ ရေချိုး ကြွေကန်ထဲကို ၀င်ထိုင်လိုက်တယ် တခါမှ
မယုံကြည်တဲ့ ဘာသာရေး အစဉ်အလာတစ်ခု နဲ့ ဘယ်သူကမှ ဓါးမိုး မသွပ်သွင်းပဲ ကိုယ့် ရောထွေးမှုနဲ့ကိုယ် ရေထဲ ခေါင်းငိုက်စိုက်ထိုးချရတော့မယ့် တွေတွေဝေေ၀ လူတယောက်လို ပက်လက်လျှောချလိုက်တယ်။

လျှောချလိုက်ပုံက မိုင်ပေါင်းများစွာကကြိုးပြတ်ပြီး လေဟုန်စီးလာတဲ့စက္ကူစွန်ဟာ တဖြေးဖြေး နိမ့်လျှောကျလာရင်း
မြေကြီးနဲ့တကိုက်အလိုမှာ
ဝေ့၀ဲ ငိုက်ဆင်းလာသလိုမျိုး။

အဲဒီမှာပဲ ည ဟာ ကျကျနန အတုလုပ်ခံရတော့တာပဲ ။ ပုံမှားရိုက်ခံရတော့တာပဲ ။ အလွဲသုံးခံရတော့တာပဲ ။ အဖန်တီးခံရတော့တာပဲ ။ အမွေးဖွားခံရတော့တာပဲ ။ သိက္ခာချခံရတော့တာပဲ ။ အောက်ဈေးနဲ့ တပါတ်ရိုက်ခံရတော့တာပါပဲ။
တကယ်တော့ခုချိန်ဆို ညဟာ တခြား ကမ္ဘာတဖက်ခြမ်းမှာပါ ......................။

ရေချိုး ကြွေကန်ထဲက ခန္ဓာကိုယ်ကြီးဟာခြေတဖက် ဆန့် ခြေတဖက် ကြွေဘောင်ပေါ်တင်လို့ ဖားတကောင်လို ရင်ဘတ်နဲ့ အသက်ရှုနေရင်း ဇက်ကြောတင်းတင်းဆွဲခံရတဲ့ ၀န်တင် လား တကောင်လို ဆတ်ကနဲတုန့် ကနဲ ဖြစ်သွား ရချိန်မှာ
နာရီနှိုးစက်သံဟာကြိုး ကြာပွတ် သန်သန် တချောင်းရဲ့ ရိုက်ချက်တွေလို.......................။

ဆောင်းနှောင်းဂါဝန်တွေ ပြေလျှောကျ ခဲ့ပြီ ။သဘာဝတရားကတော့ နှိုးစက်ရဲ့ရိုက်ချက်နဲ့ကင်းလွတ်လို့ ......။



ငြိမ်းဇေဦး

Saturday, March 14, 2009

သတင်းစာ

ကာယိနြေ္ဒ ပျောက်ဆုံးကြောင်း
စိတ်ခွန်အား ကျဆင်းကြောင်း
သီလ သေဆုံးကြောင်း
ပလတ်စတစ်လောင်းထားတဲ့ ကုသိုလ်တွေ
တခက်တဆယ်
ဝယ်လို့လွယ်ကြောင်း
ဟောင်းမသွား နွမ်းမသွားတတ်ကြောင်း..........

ဈေးအ၀င်မှာခနရပ်..
ဘာကိုမှ ဂရုစိုက်တတ်နေဖို့မလိုတာကျိန်းသေဖို့
လေမှုတ်ထည့်ထားတဲ့ ပလစ်စတစ်အိတ်ကိုဖောင်းကနဲရိုက်ရင်း
အဲဒီအကြောင်းအရာတွေဘယ်တော့မှမပါတဲ့
သတင်းစာ တစောင်ကို ၀ယ်လိုက်တယ်
ကမ္ဘာကြီး ကတော့ စီးပွားပျက်ကပ်မှာ
တပါတ်မှ မနားပဲ လည်မြဲလည်လို့..........။


ငြိမ်းဇေဦး

Wednesday, March 11, 2009

ဒျာန်သီးလာဗွေ ည

ဓါတုသဘောတွေ ကူးလူးဆက်ဆံတော့မယ်
ဟောဒီမှာ.. နွေဦးရာသီက ဘောက်ဆတ်ဆတ်နဲ့....

ဧည့်ခန်းဥယျာဉ်က ပျိုးပင်တွေ
ခေါင်းပြုစပြုပြီ
တွားတွန့် တိုးတက်...
မနက်နေရောင် ပြတင်းဘောင်ကသွန်ကျလာမှဖြင့်
စိမ်းစိုစွေးစိမ့် သိမ့်သိမ့်သေးသွယ်
ကွေးကောက်နွယ်လို....

နှင်းဖြူတွေခြုံလို့ အပျင်းထူပုံပေါက်တဲ့
အိမ်ရှေ့ က မေပါယ်ပင်တွေလဲ
မော်ဒယ်မတွေလို အရိုးပြိုင်းပြိုင်းဘ၀က
ပုဆိုးကွင်းသိုင်းမပြပေမယ့်
ဖက်ရှင်လှလှတွေတော့ စိမ်းနေအောင်ဝေပြတော့မယ်....

ရွာမှာတော့
ဒီညဟာ
တရွာလုံး ဘောင်းဘီတဖက်လိတ်တင်တဲ့ည
အိုးစည်သံ မိုးဟည်ညံတဲ့ည
ဒျာန်သီးလာဗွေည
တဆီးထီတွေဝေတဲ့ည...

ဒီမှာတော့
လမင်းကိုထိုင်ကြည့်လို့
ငိုင်မိတဲ့ည.....

ဓါတုသဘောတွေ ကူးလူးဆက်ဆံတော့မယ်
ဟောဒီမှာ...နွေဦးရာသီက ဘောက်ဆတ်ဆတ်နဲ့
ဒေါက်ဖိနပ်ပဲ့သွားတဲ့ အပျိုမလို
ငိုရအခက်..........။


ငြိမ်းဇေဦး

ပအိုဝ်း: ဒျာန်သီးလာဗွေ = တပေါင်းလပြည့်
တဆီးထီ= ယစ်ရွှေရည်တမျိုး

Monday, March 2, 2009

သန္တိ လျှပ်

တမေ့ကြာမှ
ရှူထုတ်ပစ်လိုက်တဲ့ လေတွေလို
မပြောမဆို
တထိုင်ထဲပြိုကျတဲ့ မိုးစက်တွေလို

စိုထိုင်းညိုစွေးနေတဲ့ မြေသားက
ဘွားကနဲ ရုတ်တရက် ထိုးထွက်လာတဲ့
အညှောင့်ပေါက်သစ်တပင်လို

အရာရာဟာ အစီအစဉ်တကျ
ဘယ်တော့မှ ပြန်မဆိုက်မယ့် ဘူတာစဉ်တွေကို
ဇတ်ကနဲဇတ်ကနဲ ဖြတ်ဖြတ်သွားကြတယ်။

ဟောဒီ စိတ်ဟာ တခါဖူးမှ ဒီလောက်မကြည်လင်ခဲ့ဖူးတော့
ကြုံကြုံသမျှ ကြည့်ချင်ပွဲပေါ့။

စိတ်ဟာ..
ဓါတ်ခွဲခန်း က ဖန်ပြား လို
စိတ်ဟာ...
ဓါတ်ခွဲခန်းက အနုကြည့်မှန်ပြောင်းလို
စိတ်ဟာ...
ဖြတ်သန်းလာသမျှ အရာရာကို
ဘာနာမည်မှ မတပ်ပဲ အတိုင်းသားထိုင်ကြည့်နေတယ်...
ဒို့ မြို့ လယ်ကွင်းစပ် ဇီးပင်အောက် ညနေခင်းမှာ
အမြန်ရထားကြီးဖြတ်သွားတာကို ငေးမိသလိုမျိုး။

စိတ်ရဲ့အကြည်ဓါတ်တွေဟာ
အချိန်ကာလနဲ့ကင်းလွတ်ရာ
နေရာဒေသနဲ့ကင်းလွတ်ရာ
သူ့ ဟာသူ ဖြစ်နေရဲ့။

ဘ၀ဆိုတာ သတ္တ၀ါတခုစီရဲ့
အရှည်ကြာဆုံး ဈာပန
အမြဲ ရှင်သန်တဲ့ ပရမတ္တဆိုတာ
ခုပဲ.. သေသွားတဲ့အာရုံတွေက သက်သေပြသွားရဲ့...။

စိတ်ဟာ...
သူ့ဈာပန သူရှုလို့ ပူမှုတွေဆယ်ကုဋေနဲ့ 
အမှုပွေ အမှိုက်ရှုပ် ဟန်လုပ်ဦးတော့မယ်....။




ငြိမ်းဇေဦး




Friday, February 20, 2009

ချဉ်စပ်ညစာ

ခဲဘွယ်ဘောဇဉ်
အပီအပြင်တီး
ငရုပ်သီးစပ်
ရှူးရှဲမှတ်ရင်း
အသားကုန်ဝါး
စားတုန်းမတော့ ကောင်းပါ့ဗျား........။

အိပ်မက်ထဲမှာ
အိမ်သာရှာမရ ကုန်းကွကွ
အိုဘယ့် ငါ့ဒုက္ခ.............။

အီးနှိုးသောခါ
ငါနိုးလာသော်
ဘူဘော် ဗုံးကြဲ
ဝမ်းထဲနေသာ
ဝေဒနာလျော့
နေသာသပေါ့
ဒီတော့...
ပြန်အိပ်တော့မယ်
မရစ်နဲ့ကွယ်နော် ..........။


ငြိမ်းဇေဦး

Thursday, February 19, 2009

ဆာဟာရ

ကြိုတွက်ထားတတ်တဲ့ဥာဉ်က
တုန်လှုပ်တတ်မှုတွေ ကို
ဆာဟာရ သဲကန္တာရလို ....
ခမ်းခြောက်စေတယ် ထင်သလား..။

အမှန်တော့...
ဖရိုဖရဲ ...
ပြိုကွဲကြေမွခဲ့လို့ ပါကွယ်...။

ဒီမယ် အက်ရာတွေနဲ့
မသက်မသာကြွေခဲ့သမျှ...........။

ငြိမ်းဇေဦး

အဘိဓမ္မာနဲ့မိုက်မဲခြင်း

မပြောတတ်တော့ဘူး....
ဖြေလို့..............
သက်ပြင်းတွေ ချတတ်လာပြီပဲလေ........။

ပြန်ဆန်းစစ်ဦးမှ......
အဲဒီ အသိနဲ့ ပဲ
ဆိတ်ငြိမ်မှုတွေထဲမှာ
ဝင်္ကပါ ပေါင်းများစွာ
သိမ်းဆည်းခဲ့............


ရံဖန်ရံခါ
ညကို ပို နက်စေချင်ခဲ့
အဲဒီညနက်ထဲမှာ
ဝင်္ကပါထဲ တိုးဝင်.....


အတိတ်ဝင်္ကပါမှာ
စိတ်ထင်တာကောက်ချက်ချ
မိုးစင်စင်လင်းတဲ့ထိ လမ်းပျောက်
တပ်ခေါက်မပြန်တတ်ခဲ့.......။

ဒီမယ်ကွယ်....
ဘ၀ဆိုတာ
ဖြစ်စဉ်တွေပြိုကျ တဲ့
ကာလအစုအဝေးတခုပေါ့
ကျော့ကျော့လေးနေအချစ်ရေ
အပြစ်တွေဆိုတာ
ကိုယ်လွန်ကျူး ကိုယ်အသိအမှတ်ပြုတဲ့
စိတ်ရဲ့ ညစ်ပတ်မှုကွယ့်
လွှင့်ပစ်ခဲ့တော့.............။

ငြိမ်းဇေဦး

Friday, February 13, 2009

ပြည့်စုံသောတပွင့်ပန်း







By Nyein Zay Oo( Pen on paper)


Feb 14th 2009

Wednesday, February 11, 2009

When you treat me so cold....




By Nyein Zay Oo (Pen on paper)

Sunday, February 8, 2009

အတ္တသင်္ဂဟ ကြေးမုံ

 ဖျော့ဖျော့လေး နေကြည့်လိုက်တယ်

ငယ်မူငယ်သွေးတွေ အနယ်ထိုင်စ

လရောင်အောက်ကဒီညမှာ

အေး မြ နေပါ့လား............။

ရှင်သန်ခြင်းရဲ့ ဒုက္ခ

ရှင်သန်ခြင်းရဲ့ဝန်ထုတ်ဝန်ပိုးနဲ့

ပြုသူအသစ် မဖြစ်လိုတော့ဘူးတဲ့

တကယ်တော့ ဘ၀ဟာ ဒုက္ခသက်သက်

လောကဓံမျက်လှည့်တွေအောက်မှာ

ဟာကနဲဟင်ကနဲ

ရှင်ကွဲ သေကွဲ မျက်နှာလွှဲမှုတွေနဲ့

ဆူပွက်နေခဲ့သကိုး.............။

ပြေရာပြေကြောင်းတွေမရှိတဲ့ လှိုဏ်ခေါင်းထဲမှာ

နှလုံးသားမာမာကြီးဝင်စူးနေလိုက်တာ

ဇတ်ဇတ်တောင် ခုန်နေသေးပါ့

ဒါကို က ရှင်သန်ခြင်း ကျီးပေါင်းတက်နေတာလေ

ဘယ်အချိန် ၀ုန်းကနဲကြွေမလဲ မသိ...။

ဟားဟား....

ဘာမှမသိတဲ့ကြားမှာ

ဒီလိုပါ...

ငါဟာ ၀ါရင့် နေထိုင်ခြင်းပညာရှင်ပေါ့....

မာန တရားနဲ့ ကိုယ့်ဟာကိုယ်ဖြားယောင်း

ငါ့လောက်ကောင်းသူ

ငါ့လောက်တော်သူ

ငါ့လောက် ပြေပြစ်သူ

ငါလိုလူ ငါလိုလူ ငါလိုလူနဲ့

မီးညွန့်အောက် က ပြာလိုပူခဲ့ရသမျှ

အဲဒီမှာ ရွှံ့လူးထားတဲ့ ငါးဟာ ငါဖြစ်ခဲ့

ငါ ဟာ ငါ့ ကိုယ်ငါ

ဘ၀ရဲ့ ဘေးထွက်ကိစ္စများစွာထဲမှာကင်လို့

အပီအပြင်စားသုံးခဲ့တာ..........

ဟောဒီဆံပင်ဖြူ တစ်ချောင်းဟာ

ငါးရိုး တချောင်းလို ငေါင်စင်းစင်း

ငါ့ ခေါင်းထဲက ထိုးအံခဲ့ချိန်မှ

သက်ပြင်းတမ နဲ့ ငါသိရ

ဒီမှာ....

ဘ၀တ၀က်က ကုန်စပြု ....................။

ဒီညဟာ လရောင်အောက်မှာ

အေးမြနေပါ့လား...

ဘာဖြစ်ဖြစ်လေ ရှင်သန်နေသေးသမျှ

အချိန်ရသေးရဲ့... ။

ခု ကွယ်....

ဒီရှင်သန်ခြင်းမှာပဲ သတိတရား လက်တဆစ်ကို

ကျစ်ကျစ်ပါအောင် သိမ်းဆည်းရင်း

ဓမ္မသီချင်းတွေကို ဆာလောင်တတ်ခဲ့....။

အဆုံးမတော့လေ..

အဝေးတောင်ပေါ်က စေတီ ဘုရား

ကျောင်းသင်္ခန်းများ ....

ရင်ဆို့ အောင် လွမ်းသွားရဲ့

မိုးကတော့ချုပ်ခဲ့ပြီ ...........။

ငြိမ်းဇေဦး

Friday, February 6, 2009

နွယ်ရစ်ပင်

နွယ်တွေ .....

ရစ်ပတ်......


အဲဒီက ပွင့်ဖတ်တွေစီရရီ
မွှေးအီချိုမြ
အိုကွယ်....
သာယာလှချည့်..........။

ဖြေးဖြေးချင်း...ဖြေးဖြေးချင်း...
ပြည့်စုံလှ သန်မာလှ
ခိုင်လွန်းလှ...တင်းလွန်းလှ.....။

ကြာသော အခါ စိမ်းလန်း ....
ရွက်ကြမ်းတွေဖုံး
အသန်ဆုံးနှောင်ဖွဲ့ 
ဒီမှာမှောင်ခဲ့ပြီ
ငါ့ မိုး ည .............

ရွေ့ ရွေ့ နှောင်းလွန်
တိမ်ပြိုသွန် ဆင်း
လမင်း ပုန်းခွာ
ဥပေက္ခာ အလွှာဖုံး
မိုးစုန်းစုန်းချုပ် ချိန်မှာ
နွယ်ဟာ တင်းကျပ်
ဒီမှာကွယ်.....
မရှင်သန်တတ်တော့ .........။


ငြိမ်းဇေဦး

Thursday, February 5, 2009

Lantern in darkness



By Nyein Zay Oo ( Dry eraseable marker on whiteboard )

Tuesday, February 3, 2009

ထို့ ကြောင့် သို့ မဟုတ် ငါတို့ အမျိုးသားစိတ်ဓါတ်

နာဂစ်ဟာ ...
နာဂစ်ကိုထမ်းပြီး
ခပ်ကြမ်းကြမ်းပဲ

ဗြဲကနဲ....
နာဂစ်တွေကို
ဖြဲဖြဲ ပြီး....
နာဂစ်နဲ့သယ်သွားခဲ့ချိန်မှာ.....
နာဂစ်ဒဏ်နဲ့
နာဂစ်သယ်မရတဲ့

ဒါမှမဟုတ်
တမင် သက်သက်ထားခဲ့တဲ့
ကူသူမဲ့ သားကောင်တွေမတော့.....

ဘာဖြစ်ဖြစ်.....
နာဂစ်ရဲ့ အလျင်နှုန်းလိုပဲ

ဖြစ်တုန်းခဏ
မ၀ရေစာနဲ့ခုတော့..လုံးလုံးအမေ့ခံရ...။


ဒို့ ဇာတိပေါ့.....
ဒီမှာပေါ့ကွာ...
ဒီမိုကရေစီသကြားလုံးဟာ
အများသုံး ဘုံအိမ်သာ ဖြစ်သွားခဲ့တာ....
(လာမရစ်နဲ့) ဒါလဲ နာဂစ်ပဲဟေ့..။


ဒို့ ရင်ခေါင်းတွေဟာ
ရေနွေးငွေ့ နဲ့မောင်းစရာမလိုတဲ့  စက်ခေါင်းတွေပဲ ....
လမ်းလွဲနေတာကလွဲလို့..............
ဒါလဲ နာဂစ်ပါပဲကွယ်............။


ငြိမ်းဇေဦး

Saturday, January 31, 2009

နစ်သူ

ကာလတရားဟာ ကမ်းပါးတွေဖြစ်တယ်ဆိုရင်ပေါ့........
ဖြန့်ခင်းပစ်လိုက်တယ်

တကယ့်ကို စိတ်ရှည်လက်ရှည် .....

သံယောဇဉ်တွေကိုလေ.....

ဘာလိုလိုနဲ့  ရေစီးသန် မြစ်မကြီး တစ်စင်းစာတောင်ဖြစ်သွား....

တကယ်တော့ ဒီထဲမှာပဲ နစ်သွားခဲ့ရတာပါ

အဲဒါနဲ့ ငါဟာ ဆံပင်ဖြူ တချောင်းကို

အားကိုးတကြီး ဆွဲယူ ကူးခတ်ခဲ့ရ

ကမ်းပါးကတော့ ယဲ့ယဲ့ပြို နေကလဲ ညို ညို လာ

ကတ္တီပါ ဖိနပ်တရံ တဖြေးဖြေးပါးသွားသလို.............

အေးပါလေ နေတတ်ပြီဆိုရင်

ညနေညိုဟာ....

အဟောင်းဆုံး အကောင်းဆုံး မော်ဒန် ပန်းချီတကားတောင်ဖြစ်နေသေး

ဖြေးဖြေးကူးလို့ လေရူးကို ခံစား တတ်ဖို့ လဲ နားလည်လာ....

ဒီလိုနဲ့ ဆံပင်ဖြူဟာ....

အနက်ရောင် ဂျာကင်တထည်ဝတ်လို့ 

့စိတ်ကူးမာတီနီတွေ ဖျော်စပ်

ဒီမှာ အကောင်းဆုံး နစ်တတ်ခဲ့ပြီ............။

ငြိမ်းဇေဦး

Saturday, January 10, 2009

တတိယလင်းနို့ပေါက်စ

ရှေ့ တမျိုးနောက်တမျိုးနဲ့
ဇောက်ထိုးဆွဲ သောက်ကျိုးနဲ
မင်းမို့ .....
လင်းနို့ ဖြစ်ရပလေတယ်ငါ့လူရယ်...

ငြိမ်းဇေဦး

Wednesday, January 7, 2009

သတ္တ၀ါ ပီသမှု

ဒို့မယုံတော့ဘူး
ပညတ်တွေဖြန့်ခင်းပြလိုပြကြ......။


အငွေ့ပျံလွယ်ကြတဲ့ထဲ
သံယောဇဉ်နည်းနည်းလေးမှပါမသွားယုံကလွဲလို့
ဘ၀က ၀ိုင်းကျ ဖဲ တထုတ်လို............။

ယုံမှားမှုသံသယပိုက်ကွန်ကို
ကြိုးပုခက်လို သဘောထား အိပ်စက်တတ်လွန်းရဲ့...။

မျက်မှန်တလက်...
ပတ်ကားဖောင်တိန်တစ်ချောင်း
စာအုပ်ဟောင်းလေးတစ်အုပ် .....
စသည်ဖြင့်..........။

ညကိုခွေခေါက်လို့
အကြေကောက်ဆံပင်နဲ့

မိန်းမတယောက်ရဲ့ ဘရာစီယာကြိုးပြားကြား

ထိုးထည့်ထားခဲ့ ...
နီယွန်ရောင်အန်ဖတ်တွေယိုစီးနေတဲ့လမ်းမပေါ်တက်ခဲ့
့လာဦးမယ်ပေါ့ မနက်ရဲ့ အသက်မဲ့ မျက်နှာပုတ်ကြီးနဲ့........။

ဒီမှာအချစ်ရေ ဖုန်းကိုင်ပါ
မုန်းနိုင်တာလဲ မဟုတ်ပဲနဲ့
စသည်ဖြင့်............။

အားလုံးထဲမှာအရသာအရှိဆုံးက
သပြေကုန်းကထန်းရည်
အလွမ်းတွေနဲ့ စမြုံ့ ပြန်ရင်း
စည်းလွတ်ဝါးလွတ် သီချင်းဟောင်းတပုဒ်ကို ကျွတ်ကျွတ်ဝါးမြည်းခဲ့...။

ဘာပဲဖြစ်ဖြစ် စိတ်ကို သံပတ်တင်းတင်းပေးလို့
တနေရာလွတ်နေတဲ့အိပ်ယာထဲ
ကဲ......
ခပ်ကွေးကွေး မှေးဦးမကွယ်.........။

ငြိမ်းဇေဦး

Sunday, January 4, 2009

Away Village


By Nyein Zay Oo(Acrylic)

Foggy morning


Foggy morning by Nyein Zay Oo(Acrylic)

Foggy morning 1 by Nyein Zay Oo(Acrylic)

Thursday, January 1, 2009

Self-embracer

ငြိမ်းဇေဦး(Acrylic on canvas )

Monday, December 29, 2008

အလွမ်းဆူး


ကြုံသလို လွမ်းဖြစ်ခဲ့တာပါ
နေရာထိုင်ခင်းသာဖို့ လိုတဲ့ကိစ္စမှမဟုတ်တာပဲ

နှစ်ပက်လောက်နဲ့ အသက်မပျောက်မယ့်
အရက်သောက် ခဲ့ ပြီးလည်း လွမ်းခဲ့တာပဲ

ထင်းရူး တောတွေ အုပ်စုဖွဲ့ ရယ်ဖို့ လဲ
လွမ်းခဲ့တာပဲ

ခုချိန်ဆို တောင်ပေါ်မှာ မြူထွေးတွေဝေတဲ့ ည
နှင်းစက်တွေခိုတဲ့ ည
မင်းမျက်ရည်စိုတဲ့ည
သီချင်းသက်သေ မလိုတဲ့ည
ဒီလိုညမှာလဲ လွမ်းခဲ့တာပဲ


အာနာပါနကျင့်စဉ်နဲ့ 
လွင့်ချင်တဲ့ စိတ်ကို ငါးတကောင်လိုထိုင်မျှား
ခဏခဏငိုင်သွားရင်းလည်း လွမ်းခဲ့တာပဲ

ငါ့အလွမ်းတွေဟာ အားကောင်းမောင်းသန်
ပြင်းထန်လာလိုက်တာမှ သံမဏိမြှားတစင်း
ပစ်ကွင်း ၀င်လာသလို ပ.......

အပိုမပြောပါဘူးကွယ်
ကြည့်လိုက်ပါ ငါ့ နှလုံးသားမှာတည့်တည့်
အဲဒီမြှားတစ်စင်း စင်းစင်းကြီးနစ်နေခဲ့တာ
လွမ်းနာတွေကျလို့
အာရုဏ်တောင်ပျို့ ပြီအချစ်ရေ
မျက်ရည်တွေနဲ့နိုးထပြန်...........။


ငြိမ်းဇေဦး

Friday, December 12, 2008

Frozen solitude



By Nyein Zay Oo (Acrylic)

Saturday, December 6, 2008

မောဟသလ္လာ


နှင်းတို့ ဖွေးဖွေး အေးစက်...ဖြေးဖြေးကြွေကျ........ဝေ့ကနဲဝဲကနဲ။
နက်ပြာရောင်သက္ကလပ် ကုတ်အင်္ကျီအရှည်ကြီးကို ဆွယ်တာ အညိုရင့်ရောင်ပေါ်ထပ်ဝတ်လိုက်သည်။
နံနက်ခင်းလား ညနေခင်းလား မပြောနိုင်လောက်သည့် တဆင်တည်းသော မှိုင်းပျမှုဖြင့် သြကာသလောကတစ်ခုလုံးဖွေးဖွေးလှုပ်နေပြီး အေးစက်ကျစ်လျစ်နေသည်ကလွဲ၍ အရာအားလုံးအိပ်စက်နားနေ နေကြသလို။
နှင်းစီးဖိနပ်ကိုဖြေးဖြေးစွပ်ရင်း ပြတင်းပေါက်မှကျော်၍ လေးပေပတ်လည် အပြင်လောကကိုမြင်နေရ၏။
တနင်္လာနေ့ဆိုလျှင်မျက်လုံးစစ်ဆေးရန်ဆရာဝန်နှင့်တွေ့ရဦးမည်အမြင်အာရုံကတော့ကောင်းနေဆဲဖြစ်သော်
လည်းနည်းနည်းမကြည်လင်တော့ဟု ယူဆမိသဖြင့်ဖြစ်၏။

အဖြူရောင်နံရံတွင် ချိတ်ထားသောသော့တွဲကို ညင်သာစွာယူလိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေသော ဧည့်ခန်းထဲတွင် စပယ်နံ့ အတု မှ လွဲ၍ အာရုံကို လှိုင်းထဖွယ်မည်သည့် ရုပ်ဖြစ်စဉ်မှရှိမနေ။ ဘုရားစင်မှ ဆီမီးတိုင်သည်ပင် ငြိမ်းလျှက်။

ဝမ်းကဟာနေသည်။ ကော်ဖီသောက်ချင်သည်။ မနက်စာ တခုခုစားချင်သည်။ နွေးထွေး အဟာရပြည့်သော မနက်စာ ကို စားပြီးကော်ဖီတခွက်သောက်ရင်း စီးကရက်တစ်လိပ်ဖွာချင်သည်။
ခွေခေါက်ရှုပ်ထွေး ပွစာကြဲနေခဲ့တတ်သော အာရုံတို့သည် ယခုအခါ စီစီရီရီ ဖြင့် ဖိနပ်စင်က ဖိနပ်များလို
သူ့ နေရာနှင့်သူ ဖြစ်သင့်သလောက်ဖြစ်နေပေပြီ။
စပယ်ပင်က စပယ်ဖူးလေးတွေလို ၊ သင်္ကန်းတလွှာက ချုပ်သားတွေလို သူ့ နေရာနဲ့သူ တကယ့် ကျကျနန အစီအစဉ်ရှိရှိ တော့မဖြစ်သေး။

ယက်ကန်းစင်က လွန်းနှင့် တူသည့် သတိတရားဖြင့် ကျကျနန စုစည်း ဖွဲ့ တည်ပါမှ ဖြစ်မည့် ပြန့်ကျဲအာရုံများ နောက် ဆန်စင်ရာကျည်ပွေ့လိုက်သလိုနေခဲ့မိသော ကာလများ ..ထို့နောက် ဖြတ်သန်းလာခဲ့သောကာလများမှ ကပ်ပါတွယ်ညိလာသော ၀န်ထုတ်ဝန်ပိုးများ စိတ်အညစ်အကြေးများ ထိုအရာတို့စုစည်း ပုံဖော်ထားသော ခန္ဓာရုပ်နှင့် စိတ်စေတသိက်တို့မောင်းနှင်နေသော ဘ၀ အစစအရာရာတို့သည် စိတ်အာရုံသို့ အရိပ်မဲ့သဏ္ဍာန်မဲ့ဝင်ရောက်စိုးမိုး နေပြန်၏။ ။

အိမ် တံခါးကိုသော့ခတ်ပြီး လက်အိတ်ကို စွတ်လိုက်၏။ အဖြူရောင် တံတားကလေးကို ဖြေးဖြေး ဖြတ်ကျော်လာခဲ့၏။ နက်မှောင်ရှည်လျားသော ဆံပင်တို့ပေါ်သို့ နှင်းဖြူစများ အမှတ်တမဲ့ ဆင်းသက်လာကြ၏။ လေဝှေ့ လိုက်တိုင်း နှင်းဖြူဖုံးနေပြီး အေးစက် မာခဲ နေလျှက် မစီးဆင်းတော့သော
စမ်းချောင်းငယ်ကလေး ပေါ်သို့ သစ်ရွက်ခြောက်များ လျှောတိုက် လွင့်ပါးလိုက် ယာယီရပ်နားလိုက် အစိုးမရခြင်းကိုယ်စီဖြင့် လွင့်မျောလိုက် ငြိမ်သက်လိုက် နစ်ကျွံလိုက် ဖြင့်။


ကားစက်ကို နှိုးလိုက်၏။ အနွေးဓါတ်ကို မြှင့်လိုက်၏။ အခိုက်အတန့် မျှ ကားထဲတွင် ငြိမ်သက်ရင်း ကား စက် နွေးသည်အထိ စက်နှိုးရင်းထိုင်နေမိ၏။
ကားရေဒီယိုမှ ကြီးမား ဖောင်းကားသော အဆီအသားဖြစ်ထွန်းမှုလျှော့ချသော ဆေး တစ်ခုကို ကြေငြာနေ၏။ အရွက်ကင်းမဲ့ နေသော မေပယ်ပင်ကြီးပေါ်မှ ငှက်ကလေးတစ်ကောင် အိမ်ရှေ့ သမံသလင်းသို့ ပျံဆင်းလာ၏။ မနေ့ က ဖြန့် ကျဲ ပေးထားခဲ့သော သစ်စေ့ ဆန်စေ့ ကလေးများကို နှုတ်သီးကျိုးမတတ် မြန်ဆန်အားပါမှုဖြင့် တတောက်တောက် ကောက် နေ၏။ ဆာလောင်မှု၏ မောင်းနှင်အားဖြင့် လှုပ်ရှားနေသော ငှက်ကလေးကို ကြည့်ရင်း ကား ကို နောက်ဆုတ်ထွက်ဖို့မလုပ်ရက် အစာမ၀ခင်လန့် ပျံသွားရမည်ကိုစိုးမိ၏ ။
ထို့ ကြောင့် ငှက်ကလေး ထပျံသည်အထိ ထိုင်စောင့်နေမိတော့ မိနစ်အနည်းငယ်ပင်ကြာသွား၏။

ငှက်ကလေးထပျံတော့ ကားကိုညင်သာစွာနောက်ပြန်လှည့်ထွက်လာခဲ့၏။ အေးစက်လှသော စနေ နံနက်ခင်း၏ ရေခဲရိုက်မှုအောက်တွင် ဈေးမှ ငါး သေတို့၏ အသက်မဲ့  ခန္ဓာကိုယ်တို့နှင့်မတူသော လူတို့သည် ကားကြီး ကားငယ်များ ဖြင့် မောင်းနှင် သွားလာနေကြဆဲ။

ဘတ်စ်ကားရပ်နားရန် ဆိုင်းဘတ်ကလေး ဘေးတွင် အာဖရိကန် အမေရိကန် မိန်းကလေးတယောက် လက်ကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ပိုက်ရင်း ဘတ်စ်ကားလာမည့်ဘက်သို့ငေးနေ၏။ လေးဆယ့်ငါးမိနစ်တခါလာသောဘတ်စ်ကားကိုပလက်ဖောင်းပေါ်မှဆိုင်းဘုတ်ကလေးအနီးသူ့ခမျာစောင့်
နေ သည်မှာ မည်မျှကြာသည်မသိ။

တနည်းအားဖြင့်လည်းမည်မျှ ကြာအောင်ဆက်စောင့်နေရမည်မသိ သို့သော် ကျိန်းသေသည်မှာတော့ လေးဆယ့်ငါးမိနစ်ဆိုသော အချိန်အတိုင်းအတာတစ်ခုအတွင်း ထိုနေရာတွင် ပင် သူ ဆက်လက်ရပ်နေကောင်း
ရပ်နေလိမ့် မည်။ နေထိုင်ရာ ရှိ၍ ပြန်လှည့်ရန် နီးပါက ပြန်လှည့်ကောင်းလှည့်မည် ။ မည်သူမျှ သိနိုင်သည့်ကိစ္စမဟုတ်။
ကျိန်းသေလွန်းသည်ကတော့ ကိုယ်တိုင်အပါအ၀င်အားလုံးသောကားကိုယ်စီဖြင့် ယဉ်ကျေးသိမ်မွေ့သော
လူသတ္တ၀ါများကမသိလိုက်ဖာသာပင်ထိုမိန်းကလေးကိုဖြတ်ကျော်မောင်းနှင်သွားကြပြီး
ဖြစ်၏။

ကားကို ရပ်နားရန်နေရာတွင် ရပ်လိုက်၏။ တမတ်စေ့ နှစ်စေ့ကို ထုတ်ယူပြီး ရပ်နားခွင့်အတွက် အချိန်တိုင်းစက်အတွင်း တစေ့ ချင်း ဖြေးဖြေးထည့်လိုက်၏။ ဒုတိယအစေ့သည် လက်ပေါ်မှလျှောကျသွား၏။
လက်အိတ်ကိုချွတ်ပြီး ဖြေးဖြေး ကိုယ်ကို နှိမ့်ချလိုက်ရင်း တမတ်စေ့ ကလေးကို ကောက်ကာ ခန္ဓာကိုယ်ကို ပြန်မတ်၍ ပြန်ထည့်လိုက်၏။ ပြီးတော့ အေးစက်ခြောက်သွေ့ သော လေကို အ၀ရှူလိုက်ပြီး ခနအောင့်ထားလိုက်၏။ ထို့ နောက် ပါးစပ်ကို ဟကာ ရှူထုတ်လိုက်၏။
ဆိုင်တံခါးကို တွန်းဖွင့်ကာဝင်လိုက်တော့ လစ်ဇ်နှင့် သူ့ ယောက်ျားကနှုတ်ဆက်၏။
သူတို့လင်မယားကိုပြန်နှုတ်ဆက်ရင်း မနက်စာ နှင့်ကော်ဖီတခွက်မှာလိုက်၏။ မနက်စာကိုစားရင်း သတင်းစာကိုဆွဲယူပြီးဖတ်လိုက်၏။ အီရတ်စစ်ပွဲ ၊ သမ္မတ အသစ် ၊ ငွေကြေး ပြသနာ ၊ ရာသီဥတု ၊အားကစား ၊ ကမ္ဘာ့သတင်း၊ ကျော်ကြားသူတို့ကိစ္စ၀ိစ္စ စသည်ဖြင့် သံသရာမြောက်အနှစ်သာရတို့၏ ထပ်ချည်းတလဲလဲ အကြောင်းအရာ အသစ်များ ။

ဆိုင်တံခါးကိုတွန်းဖွင့်ကာလူဖြူအဖိုးကြီးတစ်ယောက်ဝင်လာ၏။ဟောင်းနွမ်းလှသောသူ့အနွေးထည်ဂျာကင်ကြီး
အောက်တွင် နောက်ထပ် ဘယ်နှစ်ထပ် ခံပြီးဝတ်လာသည်မသိ လူက လေမလျှော့တလျှော့ အလူမီနီယံမိုးပျံ ဘောလုံးလို ဖြစ်နေ၏။
သူ့ ပါးစပ်နှင့်နှာခေါင်းမှ အငွေ့ ဖြူဖြူတို့ ထွက်လာသည်အထိ ဆိုင်ထဲမှ ဆိုင်ရှင်နှင့် တဦးတည်းသော ဖောက်သည်ကို နှုတ်ဆက်လိုက်၏။ ထို့ နောက် ဘေးမှ ခုံကိုဆွဲထိုင်ပြီး သတင်းစာ ကိုကောက်ယူ၏။ သတင်းစာကို တဗြန်းဗြန်းမြည်အောင် ခပ်မြန်မြန် ဆွဲလှန်နေ၏။ တနေရာရောက်တော့ သူ သေသေချာချာ ဖတ်တော့၏။ အခိုက်အတန့် တစ်ခုအထိ ဖတ်အပြီးတွင် စကားပြောတော့၏။

သူနှင့်အပြန်အလှန်ပြောဆိုရင်း စီးကရက်ဖွာရန်အပြင်သို့ထွက်လာတော့ သူလည်းနောက်နားမှပါလာ၏။
စီးကရက်ဘူးကိုဖွင့်ပြီး မီးခြစ်ကိုထုတ်ကာ မီးညှိရင်း ခပ်ဝေးဝေး မှ အဆောက်အဦအမြင့်ကြီးများ၏ မှန် နံရံကွက်ကြီးများမှ အရိပ်ထင်နေသော အခြားအဆောက်အဦများကိုမြင်နေရ၏။
သူလည်း စီးကရက်ဘူးလေး တစ်ဘူးထုတ်၏ ။ မလုံမလဲပြုံး၏။ ပြီးတော့ စီးကရက်ဘူးကလေးကိုဖွင့်လိုက်တော့ တံဆိပ် အမျိုးမျိုးဖြင့် စီးကရက်အတိုကလေးများ ဖြစ်နေ၏။ ထိုအထဲမှ ခပ်ရှည်ရှည် စီးကရက်တိုကလေးကို ထုတ်ယူလိုက်ကာမီးညှိရှိုက်ဖွာရင်း ကောင်းကင်ကို ပြုံး၍ မော့ကြည့်နေ၏။
သုံးလေးငါးဖွာ ရှိုက်ရင်း ချမ်းလာလွန်းတော့ ဆိုင်ထဲသို့ ပြန်ဝင်လာချိန်တွင် အဖိုးကြီးလဲ နောက်မှ ကပ်ပါလာ၏။ ထို့ နောက် သူက ကော်ဖီတခွက်မှာ၏။ လစ်ဇ်က ကော်ဖီဖျော်ပြီး သူ့ ရှေ့ ချပေးခိုက် တွင် သူ ၏ ဘယ်ဘက် အင်္ကျီအိတ်ထဲမှ အကြွေစေ့ ကလေးများ ကို တစ်စေ့ ပြီးတစ်စေ့ ထုတ်ရင်း ကောင်တာပေါ်တင်လိုက်ပြီး ပြုံးပြကာ နောက်တခါ ကောင်းကောင်း မွန်မွန် ကျကျနန လာစားဦးမယ် ဟု ပြော၏။ ပူနွေးသောကော်ဖီကို မှုတ်သောက်နေသော အဖိုးကြီး၏ မျက်လုံးများသည် မုန့် လက်ကောက်ကွင်းများ ထည့်ထားရာ မှန် ကာထားသည့် စင်ဆီသို့  ဝေ့  ၀ဲနေ၏။
နံရံပေါ်မှ တီဗွီမှ မနက်သတင်းလာနေ၏။ အိမ်ယာမဲ့အလောင်း တစ်လောင်း သတင်းတွင်ပါလာ၏။ အဖိုးကြီးသည် ကော်ဖီခွက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ တီဗွီ ဖန်သားပြင်ကိုသေချာစွာကြည့်ရင်း
“ငါ မင်းကိုပြောတယ် မင်းနားမထောင်ခဲ့ဘူး ကွာ” ဟုတယောက်ထဲ ငြီးလိုက်၏။

လစ်ဇ် က ပေါင်မုန့် နှစ်ချပ်ကို ပေါင်မုန့် ကင်စက်ထဲသို့ ထည့်၏။ ပြီးတော့ ဖောက်သည်တွေအလာကျဲကြောင်း တယောက်ထည်းငြီးသလိုလိုဖြင့် ပြောနေ၏။ လစ်ဇ်ယောက်ျားက စွပ်ပြုတ်အိုးကလေးကို မီးအားလျှော့နေ၏။
အိပ်ထဲမှ ဆယ်တန် တစ်ရွက်ကိုထုတ်ယူလိုက်ပြီး မနက်စာ နှင့် စွပ်ပြုတ် တခွက်မှာလိုက်၏ ။ ပြီးတော့ အဖိုးကြီးကိုပြုံးပြရင်း ဘာကြောင့် နောက်မှ ကောင်းကောင်းမွန်မွန်စားမလဲ ခု စားလို့ ဖြစ်နေတာပဲ မဟုတ်ဘူးလား ဟု ပြုံးကာမေးလိုက်၏။
အဖိုးကြီး၏ မျက်လုံးထဲတွင်အားငယ်မှု ၊ ခိုကိုးရာ ၊ ကျေးဇူးတင်ခြင်း စသော စိတ်ခံစားမှုတို့၏ အရောင်အဆင်း
တို့ ရောပြွန်းလျှက် ဖြင့် ကျေးဇူးတင်စကားပြော၏ ။ ပြီးတော့ သူ့ ဘယ်ဘက်လက်မှာစွပ်ထားဆဲဖြစ်သော လက်အိတ်အဟောင်းကြီးကိုဆွဲချွတ်ကာ ကောင်တာလေးပေါ်မှ ပလတ်စတစ်ဇွန်း ခက်ရင်း ဒါးကလေးများထည့်ထားသော အိတ်အကြည်လေးကို ဆွဲဖောက်လိုက်၏။ လက်သုတ်စက္ကူကြမ်း တစ်ပေပတ်လည် ကို ကျကျနန သူ့ အင်္ကျီ ဂျာကင်ဟောင်းကြီးကို ဟကာ ရင်ဘတ် ပေါ်ညှပ်လိုက်၏။

အဖိုးကြီးကို ပြုံးပြပြီး ခနစောင့်ပါ ဟု ပြော၍ ကားဆီသို့ လာခဲ့၏။ ကားထဲမှ ကား ပိုင်ရှင် မှတ်တမ်း ၊ ပြုပြင်နည်း ၊ ကား တစ်စင်းလုံး၏ တည်ဆောက်ပုံ စာအုပ်တို့  ထည့်ထားသော သေတ္တာငယ်ကလေး၏ တံခါးကိုဖွင့်ကာ စီးကရက်ဘူးသစ် တဘူး ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။ ပြီးတော့ နွေးနေဆဲ ခုံတွင်ပြန်ထိုင်လိုက်ရင်း အားပါးတရစားလိုက် စွပ်ပြုတ်ကလေးသောက်လိုက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေသော အဖိုးကြီးကို စီးကရက်ဘူး ပေးလိုက်၏။

ခဏကြာတော့လစ်ဇ်တို့လင်မယားနှင့် အဖိုးကြီးကိုနှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်လာရင်း လက်အိတ်ကိုစွတ်၍ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတို့က ပိုမို သည်းထန်စွာကျနေဆဲ ။ ဆောင်းအစတစ်မနက်၏ ဖြစ်စဉ်များ အကြောင်းစဉ်းစားနေမိစဉ်ငှက်တအုပ်သည် ခပ်နိမ့်နိမ့်ပျံသန်းရင်း မြင်ကွင်းထဲသို့ဝင်လာ၏။ ထိုငှက်အုပ်၏ နောက်သို့  အမြင်အာရုံကို မထည့်ထားမိတော့။

ကားစက်ကိုနှိုး၍ မောင်းထွက်လာခဲ့ရာ တူရူမှ လာသော ကားများ၊ ရှေ့ မှ ကားများ၊ နောက်မှ ကားများ သည် နှင်း ထူထဲ သော လမ်းမပေါ်တွင် သတိဖြင့်ဖြေးညှင်းစွာမောင်းနှင်လာကြသော
အကန်းများ၏ လိုရာသို့ တရွေ့ ရွေ့ သွားနေကြ၏ ။ ဆက်၍ ဆက်၍ သွားကြဦးမည်လည်း ဖြစ်ပေတော့၏။


ငြိမ်းဇေဦး

Saturday, November 29, 2008

ဖလ သမာပတ်

 ပြန်ကြည့်တော့လည်း
အဆံမရှိလျော့ရဲ
ငံကျိပျော့ပြဲ ။

ငြိမ်းဇေဦး

Wednesday, November 19, 2008

တထောက်စခန်း

ကိတ်မုန့်တစ်လုံး အစိတ်သုံးဆယ်
တခါမှ မ၀ယ်ဖူးခဲ့ ပေါင်
ဒီလိုပဲ မွေးနေ့တွေကို ငေါင်စင်းစင်းဖြတ်သန်းခဲ့တာ
သုံးဆယ်ကို ခြောက်မူးသားစွန်းခဲ့ပြီ....။
သိပ်ကျိန်းသေတာက
ဒီမောင့်မွေးနေ့ ဟာ ဘယ်အခါမှ
ထူးထူးရှယ်မဖြစ်ခဲ့ပါဘူး
ဒါပေ....ဆောင်တော်ကူးပန်းတွေတော့ပွင့်တတ်ကြတယ်
ဂေါ်သဇင်တွေလည်းပွင့်တတ်ကြတယ်
ခပ်စောစောဒီဇင်ဘာပန်းတွေတောင်မှ ဖွေးဖွေးဝေနေကြ
အဲဒီလို လှတတ်အေးမြ ....။

ဟက်ပီးဘတ်ဒေးသံတွေဖိုထိုးသလိုဆူညံရင်
ဒီမောင် ဟာ တီကောင်ဆားပက်သလို အနေခက်လှ
ဒါပေ...တခါဖူးမျှမရခဲ့ပေါင်..
သို့သော်ငြား ကိုယ့်များရည်းစားစကားပြောမလားဆိုပြီး
ကြိတ်ကျိန်းသေနေတဲ့အပျိုကြီးလိုလည်း
ရင်ဖိုရင်း ဟန်ဆောင်ငြင်းပြချင်စိတ်ကလည်းရှိ
အထီးကျန်မှုအသားသေနေတဲ့ ဘ၀အခြေအနေကလည်းရှိဆိုတော့လည်း
ဒီလိုပဲ မရဲတရဲ ကိုယ့်ဟာကိုယ် ငြင်းခဲ့ရ မကြိုက်ခဲ့ရတော့တာပေါ့
ဒါနဲ့ ပဲ ကိတ် မုန့်တွေပေနေတဲ့ဖယောင်းတိုင်မီးသေနံ့တွေ
ငါ့မွေးနေ့တိုင်းဆန့် ဆန့် ကြီးသေတော့တာပေါ့
တကယ်တော့ မွေးကိုမမွေးခဲ့ကြပေပဲကိုး ...။

ဒီမောင်ဟာ သုံးဆယ့်ခြောက်ချောင်းသော ဖယောင်းတိုင်တွေ
မှုတ်ဖို့အသာထား ပါးစပ်ကြွက်သားတွေ လေဖြတ်သလို
နေတတ်နေတာလည်းကြာပါပြီ
နို့ ထူးမှ ထူးပဲကိုး.............။

အသက်အရွယ်ကရလာတော့
ကျွဲတွေအပါး ဖ၀ါးမချအောင်လည်း ရှောင်တတ်လာပြီ
စောင်းသီချင်းထက် ပြောင်းတခင်းက
ဘ၀အာမခံချက်ရှိကြောင်းလည်း နားလည်လာပြီ

ဒီလိုနားလည်လာမှုတွေကို
စုစည်းရင်း ဦးနှောက်ဟာလည်း
အမှိုက်ခြင်းဖြစ်လာခဲ့ပြီ
တိုက်ချင်းပစ်ဒုံးကျည်တွေလို မပစ်လိုက်ရတဲ့မာနတွေနဲ့လည်း
အထာကျခဲ့တာ ....
ခုဆို ရှိုပင်တောင်ငိုချင်သွားမယ်
အဲဒီကိစ္စတွေကို စပ်ဆိုရရင်ဖြင့်....။

အချစ်ရေ စစ်တွေကိုမလိုလားတော့ဘူး
ဆောင်းဦးမြစ်ရေလို ညင်ညင်သာသာစီးဆင်း
မီးပြင်းကိုင် နာအောင်ထောင်းတဲ့ ဓါးကောင်းတစ်လက်လိုပဲ
ဓါးအိမ်ထဲမှာ မလှုပ်တန်း ပျင်းတိပျင်းတွဲ အသည်းမာမှုတွေနဲ့
ဒီအဖြစ်ကို အစမဆွဲပါနဲ့တော့ တညထဲနဲ့လည်း
ကြယ်ကြွေမကောက်နိုင်တော့ပါဘူး
ငြီးလို့ကောင်းတုန်း
ဝုန်းဆို......
မြင့်ဇေဆုံးပြီတဲ့..........
ကဲ....ကွေးသောလက် မဆန့် ခင် ကိစ္စတွေပေါ့........။

ငြိမ်းဇေဦး

အသက်သုံးဆယ့်ခြောက်နှစ်ပြည့်မွေးနေ့  အမှတ်တရ ရေးစပ်ပါသည်။
မပျော်ပါ၊ မပျော်ခြင်းသည် မထူးဆန်းတော့ပါ၊ ၀မ်းနည်း နေခြင်း ထိပ်တုံးခတ်ခံလိုက်ရသည် သာလျှင်
ပိုပေ၏..............။
ဂုရုကောင်းရာသုဂတိ လားပါစေ
ပြုပြုသမျှ ငါ၏ ရှားပါး နုံနဲ့သော်လည်း စေတနာမှန်သောကောင်းမှုအားလုံးအား အမျှပေးဝေပါ၏ ။
အမျှ....အမျှ...အမျှ...
အမျှ...အမျှ....အမျှ..
အမျှ...အမျှ...အမျှ..ယူစမ်းပါ သူငယ်ချင်း............။

ငြိမ်းဇေဦး ကောက်ကြောင်း

ကျစ်လစ်သန်မာတဲ့..ရေခံမြေခံနဲ့
ခံ့ခံ့ငြားငြားဖွံ့ထွားခဲ့တဲ့..သစ်ပင်တစ်ပင်ပေါ့...
တောစိတ်ဝင်သွားစေနိုင်တဲ့
ဥတုရာသီ..အရိုင်းအစိုင်းက
သူ့ရှင်သန်ရာတွေကို..
ကြမ်းတမ်း..ခက်လျော်စေခဲ့တယ်..။

မာကျောချွန်မြတဲ့..
ဆူးသားလက်နက်တွေအပြည့်
ထိတွေ့ကိုင်တွယ်ဖို့တောင်..
အခက်တွေ့ရလောက်အောင်..
အသွင်အပြင်ရမ်းရမ်း..
သူ့ဘ၀သူ...
ခပ်..ဆန်းဆန်း..သိမ်းထုတ်လို့..

ဒီ့ထက်..လှပစရာမရှိတော့တဲ့..ပန်းချီကားချပ်လို..
ဒီ့ထက်နာပျော်ဖွယ်ရာမရှိတဲ့..ဂီတသံစဉ်လို...
ဒီ့ထက်နက်ရှိုင်းစရာ..မရှိတော့တဲ့..ကဗျာ..စာသားတွေလို
့သူ့အတွင်းသား..စိတ်သဏ္ဍန်မှာ..
မှော်.အတိပြီးထားတဲ့..အနုရသတွေညက်ညော
သူ..့ဘ၀..သူ့..အမောကို.
သူ့..ရနံ့နဲ့..သူ..မျှောမျှော..ချနေရ..။

သူ...လား....
ဒူးရင်းသီးလိုလူစားပေါ့....

တစ်ချို့က..အနံ့ကို..ကြောက်လို့...ရှောင်ရှားကြချိန်မှာ...
တစ်ချို့က..ဈေးကြီးပေးပြီး..၀ယ်စားနေကြရဲ့..။ ။

အိန္ဒြာ(၂၀.၁၁.၂၀၀၈)

အရင်လိုပဲ မထူးဆန်းတဲ့  နေ့ တစ်နေ့လို ဖြတ်သန်းရတဲ့မွေးနေ့တိုင်းထက် ပိုဝမ်းနည်းစရာကောင်းစေတဲ့မွေးနေ့ပါပဲ။ဒါနဲ့ ညီမလေး အိန္ဒြာက မွေးနေ့လက်ဆောင်သူရေးထားတဲ့ ကဗျာလေးကို လှမ်းပို့ လို့ ယူလိုက်ချိန်မှာပဲ အခြားအမတယောက်ကကျနော့်သက်တူရွယ်တူ သူငယ်ချင်းတယောက်ဆုံးသွားပြီလို့ ပြောလာတယ်။အင်း...ကျနော်တို့ကတော့ရှင်သန်နေကြဆဲပေါ့ အသက်ရှူနေသမျှ...လူ့ဂုဏ်သိက္ခာအပြည့်နဲ့ တိုင်းပြည်မှာ လူလိုရှင်သန်ချင်သေးတယ်ဗျာ။

ဂုရုရေ.................

ငါသေရင် ကဗျာတွေရေးမတဲ့
မင်းသွားခဲ့ပြီ

ငြိမ်းဇေဦး

လတ်လတ်ဆတ်ဆတ်ကြီး ကွယ်လွန်သွားသောသူငယ်ချင်းသို့

Tuesday, November 18, 2008

အိမ်

 ငါလေ
ဖြစ်သလိုလေးစား...
အိမ်ကထမင်းဝိုင်းလေးကို
ပြန်ပြန်နေ့ တိုင်းတွေး
အားခဲတာ......
အမေချက်တဲ့ ပဲကြီးဟင်း
ဝက်သားဆီပြန်....
ငါးသလောက်ပေါင်း
ပဲပြုတ်နံပြား.....။

တို့  ညစ်ထပ်ထပ်မြို့ကလေးရဲ့
ဖုန်နံ့တွေဟာ
အောက်ဆီဂျင်ထက်ငါ့စိတ်ကို
ုပိုကျမ်းမာစေတယ်။

ပြန်ချင်ဇောနဲ့
လာတဲ့ လမ်းပြန်မျှော်မိတာ...
မမြင်ရလွန်းလို့ ...
့ရင်ဘတ်ငြမ်းထိုးပြီးမျှော်ခဲ့တာ..
ခုဆို ရင်ဘတ်တောင် အတွင်းဒဏ်ရင့်နေပြီကွယ်...။

ငြိမ်းဇေဦး